အောင်လံမှာ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး အသတ်ခံရ

အောင်လံမှာ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး အသတ်ခံရ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဆင်တုပ်ကျေးရွာအုပ်စု၊ အင်တောသာကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၀ ရက် ည ၈ နာရီခန့်မှာ အင်တောသာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ် ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်သူ အသက် ၆၃ နှစ်အရွယ် ဦးအောင်လှကြည်ကို လက်နက်ကိုင်ဆောင်ထားသူတွေက နေအိမ်ကနေဖမ်းခေါ်ပြီး ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"သေနတ်သမားတွေက ရွာထဲရောက်လာပြီး သူ့ကိုအိမ်ကနေ ဖမ်းသွားတယ်။ လမ်းမှာပဲ ပစ်သတ်သွားတာ။ နေရာမှာပဲ သေသွားတယ်။ သူက ကြံ့ခိုင်ရေးပါတီဝင်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဆိုတာလောက်ပဲ သိရတယ်။"လို့ဒေသခံတဦးကပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဦးအောင်လှကြည်ရဲ့ ရင်ဘတ်နဲ့ နောက်ကျောတွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရပြီး ဘယ်လက်နက်ကိုင်အဖွဲ့တွေဘက်က လုပ်ဆောင်တယ်ဆိုတာကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။ 

ပစ်သတ်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့တွေက အလောင်းကိုလာရောက်စစ်ဆေးဖို့ လာခဲ့ပေမယ့် လက်နက်ကိုင်အဖွဲ့တွေ ကျေးရွာအနီးဝန်းကျင်မှာရှိနေတယ်ဆိုတဲ့ သတင်းကြောင့် ရွာကိုမဝင်ဘဲ ပြန်ထွက်သွားတယ်လို့လည်း သိရကြောင်း အထက်ပါဒေသခံက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကလည်း အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာအနီး ကျေးရွာချင်းဆက်လမ်းပေါ်မှာ စားအုန်းဆီထုတ်ပြီးပြန်လာတဲ့ ကင်မွန်းခြုံကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

ဓါတ်ပုံ - စစ်ကောင်စီ တယ်လီဂရမ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #ဆင်တုပ်ကျေးရွာ #ကြံ့ခိုင်ရေးပါတီဝင် #အသတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10