အောင်လံမှာ ခရီးသွားနဲ့ ဒေသခံ ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး

အောင်လံမှာ ခရီးသွားနဲ့ ဒေသခံ ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ ခရီးသွားတွေအပြင် ဒေသခံ ၁၀၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၃ ရက်ညပိုင်းမှာ အောင်လံမြို့အနီး အောင်လံ-ပြည်ကားလမ်းပေါ်က ဘွတ်ကြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ပြည်မြို့ကနေ အောင်လံမြို့ဘက်ကိုလာတဲ့ ခရီးသည်တင်ယာဉ်တစီးပေါ်ကနေ အသက် ၅၀ အောက်အမျိုးသား ၁၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ 

"ကျနော့်အသိတယောက်ရဲ့ မိတ်ဆွေက ပြည်က။ သူက ပြည်ကနေမန္တလေးသွားဖို့ညကားနဲ့သွားတာ။ စကစ ဘွတ်ကြီးတံတားမှာ ည ၇ နာရီလောက်မှာ ဖမ်းခံလိုက်ရတာ။ သူတို့စီးတဲ့ကားပေါ်ကနေ အသက် ၅၀ အောက် အမျိုးသား  ၁၂ ယောက် ဖမ်းခံထိတဲ့အထဲ ပါသွားတာ။ ပြန်လွတ်လာဖို့ လိုက်လုပ်နေကြတယ်။"လို့ ပြည်မြို့ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၄ ရက်မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိလည်း အောင်လံမြို့အဝင်နဲ့ ကျေးရွာတွေဘက်ကိုလာတဲ့ လမ်းတွေပေါ်မှာ စစ်ကောင်စီအဖွဲ့တွေက အသက် ၂၀ ကနေ အသက် ၅၀ အတွင်း လမ်းသွားလမ်းလာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ အောင်လံမြို့ခံတဦးက ပြောပါတယ်။ 

"စစ်ဆေးရေးဂိတ်မှာလည်းဖမ်းသလို မနက်အစောပိုင်းကတည်းက မြို့အရှေ့ဘက်ကွက်သစ်ဘက်တွေမှာရှိတဲ့ ကုန်တင်ကုန်ချလူငယ်တွေ၊ သုံးဘီးနဲ့စျေးလိုက်ရောင်းသူတွေ၊ တောဘက်ကနေလာနေသူတွေ၊ မြို့ထဲကနေ မြို့ပြင်ထွက်ပြီး စိုက်ခင်းတွေမှာလုပ်သူတွေကို ဖမ်းတာ။ တမြို့လုံး အတိုင်းတာနဲ့ဆို ၁၀၀ လောက်ဖမ်းခံထိနိုင်တယ်"လို့ သူက ပြောပါတယ်။  

ဘာကြောင့် ခုလိုဖမ်းဆီးတယ်ဆိုတာ သေချာမသိရသေးပေမယ့် စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပါတယ်။ 

စစ်ကောင်စီဘက်က အကြောင်းမဲ့ဖမ်းဆီးထားတဲ့ ဒေသခံတွေနဲ့ခရီးသွားတွေကို ပြန်လွှတ်ဖို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေက စစ်ကောင်စီဘက်အဖွဲ့တွေနဲ့ ညှိနှိုင်းတာတွေ ပြုလုပ်နေကြတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို အောင်လံမြို့ရှိ ခလရ ၇၁ တပ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စက်တင်ဘာ ၅ ရက် ဒီမနက်ပိုင်းအထိ တချို့ကိုပြန်လွှတ်ပေးကာ အများစုကတော့ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း အောင်လံမြို့အရှေ့ဘက်၊ စမ်းကလေးရွာအနီးရှိ စစ်ကောင်စီဂိတ်အပါအဝင် အောင်လံမြို့နယ်ရှိစစ်ကောင်စီဂိတ် ၃ ခုက အဓိကထားပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသား၊အမျိုးသမီး ၁၅၀ နီးပါးဖမ်းဆီးခဲ့ကာ တချို့ကိုငွေနဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့ အောင်လံ ဒေသခံတဦးဆီက သိရပါတယ်။ 

ပုံစာ - အောင်လံမြို့နယ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တခုတွင် ခရီးသည်တင်ကားတစီးကို စစ်ဆေးနေစဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #စစ်ကောင်စီဂိတ် #ဒေသခံဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10