အောင်လံမှာ ပြည်သူ ၁၅၀ နီးပါးကို စစ်တပ်ကဖမ်းပြီး သွေးစစ်တာတွေလုပ်နေ

အောင်လံမှာ ပြည်သူ ၁၅၀ နီးပါးကို စစ်တပ်ကဖမ်းပြီး သွေးစစ်တာတွေလုပ်နေ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ ၁ ရက်တည်း ပြည်သူ ၁၅၀ နီးပါးကို စစ်ကောင်စီကဖမ်းဆီးပြီး သွေးစစ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၅ ရက် မနေ့ကမနက် ၇ နာရီဝန်းကျင်ကစတင်ကာ အောင်လံမြို့အရှေ့ဘက်ဂိတ်မှာ စတင်ဖမ်းဆီးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ မြို့ရဲ့တောင်ဘက်ဂိတ်၊ မြောက်ဘက်ဂိတ်၊ မြို့ပတ်လမ်းတွေ မှာပါ ညနေပိုင်းအထိ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“အရင်နေ့က ရွာတွေထဲက မဲပေါက်တဲ့သူတွေကို လိုက်ခေါ်ထားတာရှိတယ်။ အဲ့လူတွေကိုက ရွှေတောင်(မြို့)ကို ပို့တယ်။ မနေ့က ထပ်ဖမ်းထားတဲ့ သူတွေက အထက ၁ ထဲမှာပဲ ရှိနေတယ်။ မြို့ထဲကို ‘အောင်လံမိုး’ ယာဥ်လိုင်းကကားတွေနဲ့ ပတ်ဆွဲတာပါ။ မနက်ဖြန်ကျရင် ရွာတွေထဲထိ ဝင်ဆွဲမယ်လို့ ကြားတယ်။”လို့ အောင်လံဒေသခံတဦးက ပြောပါတယ်။

ဧပြီ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ မြတ်လေးလမ်းထဲက ဝါစက်တွေနဲ့ သစ်စက်တွေထဲကို ဝင်ရောက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်အထိ စမ်းကလေး၊ ရေတွင်းကြီး၊ ပြင်ပုံ၊ ချင်းစခန်းကြီး၊ ငလောက်၊ လှံတင်၊ အင်းလယ်၊ မုန့်ညှင်းရိုး၊ ရေလည်ကျွန်း၊ မတောင့်တ၊ ဝန်တင်ဆိပ်၊ မစိုးရိမ် စတဲ့ကျေးရွာက ပြည်သူ ၁၄၈ ဦး ဖမ်းဆီးခံထားရပြီး အားလုံးကို အောင်လံမြို့ပေါ် အထက ၁ စာသင်ကျောင်းထဲမှာ သွေးစစ်၊ ဆေးစစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။ 

ဒီဖမ်းဆီးမှုတွေကို အောင်လံအခြေစိုက် ကပစ ၁၅ တပ်က စစ်ကောင်စီတပ်သားတွေက အဓိကဦးဆောင်နေတာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အများစုဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်နေကာ လူကြီးပိုင်းတွေကိုတော့ တယောက်ကို ငွေကျပ် ၂ သိန်းနဲ့ပြန်ရွေးခိုင်းပြီး လူငယ်ပိုင်းတွေကိုတော့ လွှတ်မပေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ 

ပုံစာ - အောင်လံမြို့အဝင်စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာကားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ဆေးနေစဉ် (ပုံဟောင်း)။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #စစ်ကောင်စီ #ပြည်သူ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10