အောင်လံမှာ လေပြင်းတိုက်လို့ နေအိမ် ၃၄ လုံးထိခိုက်ပျက်ဆီး
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ ၊ မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာတွေမှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၃၄ လုံးထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မေလ ၉ ရက်နေ့ညနေ ၅ နာရီခန့်က စတင်ပြီး လေပြင်းတိုက်ခိုက်လာတာကြောင့် သစ်ပင်လဲတာ၊ ဓါတ်တိုင်လဲတာနဲ့ နေအိမ်တွေအမိုးလန်ပျက်ဆီးတာတွေရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
"ခုက ကြေညာထားတဲ့ မုန်တိုင်းဝင်တာတော့မဟုတ်ဘူး။ သာမန်မိုးရွာလေပြင်းတိုက်တာလောက်ဘဲ။ လေတွေတိုက်တဲ့ တချက်ကတော့ တော်တော်ကြမ်းတယ်။ ရွာတွေမှာ လူထိခိုက်တာတွေတော့မရှိဘူး။ လေတိုက်တဲ့အချိန်ကတော့ ၁ နာရီလောက်တော့ကြာမယ်"လို့ ပြောပါတယ်။
လေပြင်းတိုက်ခတ်လို့ အောင်လံမြို့ပေါ်ရှိ စျေးကုန်းရပ်ကွက်၊ ရေပြင်းကျေးရွာ၊ ရေဟိုင်းကျေးရွာ၊ ရွှေသူဌေးကျေးရွာ၊ စစ်အောင်ကျေးရွာ၊ ဥယျာဥ်ကျေးရွာတွေက နေအိမ် ၃၃ လုံးနဲ့ဘုန်းကြီးကျောင်း ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ပျက်စီးထိခိုက်မှုရှိတဲ့နေရာတွေကို မီးသတ်၊ အရန်မီးသတ်၊ လူမှုကူညီရေးအဖွဲ့နဲ့ဒေသခံပြည်သူတွေက ဝိုင်းဝန်းရှင်းလင်းကူညီရေး လုပ်ငန်းတွေကို လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
နေအိမ်ပျက်ဆီးသွားပေမယ့် ဒေသခံတွေဟာ အခြားနေရာကို ပြောင်းရွှေ့နေထိုင်ရတာမျိုးမရှိဘဲ မိမိအစီအစဥ်နဲ့ နေအိမ်တွေမှာသာ ပြန်လည်ပြုပြင်နေထိုင်ကြတယ်လို့ သိရပါတယ်။
Share
Share
Share