အွန်လိုင်းပေါ်ကအလိမ်အညာ သတိပြုရှောင်ရှားပါ (သတင်းဆောင်းပါး)

အွန်လိုင်းပေါ်ကအလိမ်အညာ သတိပြုရှောင်ရှားပါ (သတင်းဆောင်းပါး)

ကိုလတ်ဟာ  သူ့အမေစုဆောင်းထားတဲ့ ရွှေဆွဲကြိုးနဲ့ လက်စွပ်ကို အိမ်ကလူတွေမသိအောင် ယူဆောင်ပြီး ဈေးမှာရောင်းချကာ ရလာတဲ့ ငွေကျပ် ၂၄ သိန်းကို သူကိုယ်တိုင်မသိတဲ့လူတစ်ယောက်ဆီကို လွှဲပေးခဲ့မိပါတယ်။

ကျုံပျော်မြို့က သာမန်လက်လုပ်လက်စားတွေဖြစ်တဲ့ ကိုလတ်တို့မိသားစုဟာ ဒီလုပ်ရပ်ကိုလက်မခံနိုင်တာကြောင့် သူ့ကို အိမ်ကနေမောင်းချလိုက်ပါတယ်။

အခုတော့ ဒီလုပ်ရပ်ကြောင့် ကိုလတ်တစ်ယောက် နောင်တရနေပြီး “တော်တော်လည်း ရှက်ဖို့ကောင်းပါတယ်” လို့ သူက ပြောပါတယ်။

ကိုလတ်ဟာ အင်တာနက်သုံးစွဲသူတွေအကြား ကျယ်ကျယ်ပြန့်ပြန့်ခေတ်စားလာတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုရဲ့ ထောင်ချောက်ထဲကိုရောက်ခဲ့တာပါ။

ကျားဖြန့်လို့ လူသိများလာတဲ့ စကားလုံးဟာ Zhàpiàn ဆိုတဲ့ တရုတ်ဘာသာစကားရဲ့ အသံထွက်ဖြစ်ပြီး အဓိပ္ပါယ်ကတော့ လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှု၊ သွေးဆောင်ဖျားယောင်းမှုလို့ အဓိပ္ပါယ်ရပါတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်းမှာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွေကို ဖြန့်ကျက်ရောက်ရှိလာတယ်လို့ စစ်တမ်းတချို့ကဆိုပါတယ်။

ကိုလတ်တို့လို အင်တာနက်လူမှုကွန်ရက်တွေနဲ့ အကျွမ်းတဝင်မရှိသူတွေဟာ သူတို့ရဲ့ အဓိကပစ်မှတ်တွေ ဖြစ်လာတယ်လို့ ကျားဖြန့်လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေသူတချို့က ပြောပါတယ်။

ဧရာဝတီတိုင်း ကျုံပျော်မြို့မှာ လျှပ်စစ်ပစ္စည်းပြင်ဆိုင်လေးဖွင့်လှစ်ထားတဲ့ ကိုလတ်ဟာ သူနေထိုင်တဲ့ရပ်ကွက်ထဲက TV ၊ လျှပ်စစ်ပန်ကာ၊ မီးပူ၊ ထမင်းပေါင်းအိုးတွေကို ပြင်ဆင်ပြီး ရလာတဲ့ဝင်ငွေလေးနဲ့ မိသားစုကို ထောက်ပံ့နေသူပါ။

ဒီနှစ် မေလဆန်းပိုင်းမနက်ခင်းတစ်ခုမှာ အလုပ်ပါးနေတာကြောင့် ကိုလတ်ဟာ နေအိမ်မှာ အေးအေးလူလူနဲ့ ဖေ့စ်ဘွတ်သုံးနေတုန်း သူ့ရဲ့မက်ဆင်ဂျာထဲကို အမျိုးသမီးတစ်ဦးက စာပို့လာခဲ့ပါတယ်။

နိုင်ငံခြားသူအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံကို Profile ဓာတ်ပုံအဖြစ်တင်ထားတဲ့ အဲဒီအကောင့်က မင်္ဂလာပါဆိုပြီး မြန်မာဘာသာစကားနဲ့ မိတ်ဆက်လာတာပါ။

မိတ်ဆက်လာတဲ့ နိုင်ငံခြားသူ Miss Noncy Meade ဆိုတဲ့အကောင့်‌ကို သဘောရိုးနဲ့ တုံ့ပြန်မိတ်ဆက်ရင်း အပြန်အလှန်စာတွေပို့ကြ၊ စကားတွေ ပြောဖြစ်ခဲ့ကြပါတယ်။

နှစ်ရက်လောက်အကြာမှာတော့ အဲဒီအမျိုးသမီးက သူဟာ အမေရိကန်စစ်တပ်က အရာရှိတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံကိုလည်း အရင်ကရောက်ဖူးသူဖြစ်တယ်လို့ ကိုလတ်ကို စတင်အယုံသွင်းလာပါတော့တယ်။

ပြီးတော့ သူဟာ ဆီးရီးယားနိုင်ငံမှာ လက်ရှိတာဝန်ကျနေပြီး ကိုလတ်နဲ့လည်း တွေ့ဆုံချင်တယ်လို့ ပြောလာပါတယ်။

ဒါ့ပြင် သူဟာ ကိုလတ်ကိုချစ်ခင်သွားတာကြောင့် ဆီးရီးယားနိုင်ငံမှာ နေထိုင်စဉ်ကာလ စုဆောင်းထားတဲ့ အမေရိကန်ဒေါ်လာသုံးသိန်းကို ပို့ပေးချင်တယ်လို့ ပြောလာပါတော့တယ်။

ဒါပေမယ့် ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဖို့နဲ့ အခုလို စစ်အာဏာသိမ်းထားတဲ့ ကာလမှာ အမေရိကန်စစ်သားနဲ့ အဆက်အသွယ်လုပ်တာ အရမ်းအန္တရာယ်များတယ်လို့လည်း သူက ထည့်သွင်းသတိပေးခဲ့ပါသေးတယ်။

“သူက ပေးမယ်ဆိုတော့လည်း ကျွန်တော်ကတွေးတာ ပေးပေါ့၊ ပေးရင်လည်း ရရင်ကောင်းတာပေါ့လို့” လို့ ကိုလတ်ကဆိုပါတယ်။

နောက်တစ်ရက်မှာတော့ ဒေါ်လာသုံးသိန်းကို မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့ကို ပို့လိုက်ပြီလို့ အဲဒီ့နိုင်ငံခြားသူအကောင့်က ပြောလာပါတော့တယ်။

ဒီလိုပြောဆိုမှုနဲ့အတူ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအုပ်တွေကို ကတ်ထူပုံးတစ်ခုထဲ ထည့်ထားတဲ့ ဓာတ်ပုံကိုပါ မက်ဆင်ဂျာကနေ ပေးပို့လာတာပါ။

အဲဒီကတ်ထူပုံးကို အမေရိကန်အခြေစိုက် ကုန်ပစ္စည်းပို့ဆောင်တဲ့ FedEx လေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်းကနေတစ်ဆင့် မြဝတီကိုပေးပို့လိုက်တယ်လို့ ကိုလတ်ကို ပြောလာတာပါ။

အဲဒီ ကော်ပိုရေးရှင်းတံဆိပ်ပါတဲ့ စာရွက်စာတမ်းပုံတွေ၊ FedEx လိုဂိုနဲ့ လေယာဉ်ကြီး လေယာဉ်ပြေးလမ်းပေါ်ကနေ ကောင်းကင်ပေါ်ထိုးတက်နေတဲ့ ဓာတ်ပုံတွေကို တစ်ပုံချင်းစီ ပို့လိုက်ပါသေးတယ်။

ပြီးတော့ သူက ကိုလတ်ကို ပြောပါသေးတယ်။

“မင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ” တဲ့။

လိမ်လည်ခံရတဲ့ Screenshot မှတ်တမ်းများ
လိမ်လည်ခံရတဲ့ Screenshot မှတ်တမ်းများ

ကိုလတ်ဟာ အသက် ၄၀ ကျော်ခန့်ရှိပြီး ငယ်စဉ်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ အလယ်တန်းအဆင့်ထိ ကျောင်းတက်ခဲ့ပါတယ်။ ဘာသာရေးလည်း လိုက်စားသူတစ်ဦးဖြစ်တဲ့ ကိုလတ်ဟာ သူ့ကိုတော့ နတ်ကောင်းနတ်မြတ်တွေက စောင်မလိုက်ပြီလို့ ထင်မှတ်မိခဲ့တယ်လို့ မော်ကွန်းသတင်းထောက်နဲ့ တွေ့ဆုံစဉ်မှာ ရှင်းပြပါတယ်။

“တောက်လျှောက် ဘာသာရေးကလည်းလုပ်နေတော့ ငါတော့အကျိုးပေးပြီ၊ ငါ့အချိန်ရောက်ပြီလို့ထင်လိုက်တယ်”

အဲဒီလိုပြောချိန်မှာတော့ သူ့ရဲ့လေသံကမာကျောနေပြီး အနည်းငယ်ဒေါသထွက်ပုံပေါ်ပါတယ်။

နောက်တစ်ရက်မှာတော့ ကိုလတ်ရဲ့ ဖုန်းနံပါတ်ကို အမျိုးသမီးတစ်ဦးက ဆက်သွယ်ခဲ့ပြီး မြန်မာလိုပဲ ပီပီသသပြောလာပါတယ်။

ဖုန်းဆက်လာတဲ့ အမျိုးသမီးက သူဟာ မြဝတီမြို့ပေါ်က ကုန်ပစ္စည်းလက်ခံဌာနတစ်ခုရဲ့ ဝန်ထမ်းဖြစ်ပြီး ကိုလတ်နာမည်နဲ့ ဒေါ်လာသုံးသိန်းပါတဲ့ပါဆယ်ထုပ်ကို လက်ခံထားတယ်လို့ ပြောလာခဲ့တာပါ၊

အမေရိကန်ဒေါ်လာတွေဖြစ်တဲ့အတွက် ပြည်တွင်းမှာ တရားမဝင်တာကြောင့် ဝန်ဆောင်ခ ငွေကျပ် ၇၅ သိန်း အရင်လွှဲမှ ထုတ်ယူလို့ရမယ်လို့လည်း တစ်ဖက်ကအမျိုးသမီးက ပြောပါသေးတယ်။

“ပိုက်ဆံက မရှိဘူး။ အိမ်ကတောင်းတော့လည်းမယုံဘူး။ မတတ်နိုင်ဘူး ရသလောက် အရင်လွှဲလိုက်မယ်ဆိုပြီး သူတို့မသိအောင် လက်စွပ်နဲ့ဆွဲကြိုးရောင်းပြီး လွှဲလိုက်တာ” လို့ ကိုလတ်က ပြောပြပါတယ်။

ကိုလတ်ဟာ ငွေကျပ် ၂၄ သိန်းကို အဲဒီအမျိုးသမီးပို့ပေးလိုက်တဲ့ Nyi Nyi Soe Lwin နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ Kpay အကောင့်တစ်ခုကို လွှဲပေးလိုက်တာပါ။ သူတို့က ၇၅ သိန်းလွှဲခိုင်းခဲ့ပေမယ့် ကိုလတ်က သူရှာတာ ၂၄ သိန်းပဲရတဲ့အတွက် ရတဲ့ငွေကိုပဲ အရင်လွှဲပေးခဲ့တယ်လို့ ငွေလွှဲတဲ့ မှတ်တမ်း Screenshot တွေကို ပြပြီး ပြောပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံခြားသူအမျိုးသမီးအကောင့်ဟာ သူ့ကို အဆက်အသွယ်မလုပ်တော့ပါဘူး။ မြဝတီကလို့ပြောတဲ့ အမျိုးသမီးနဲ့ ပိုက်ဆံလွှဲလိုက်တဲ့ Kpay အကောင့်တွေကို ဖုန်းဆက်ပေမယ့် စက်ပိတ်သွားခဲ့ပါပြီ။ ဒါပေမယ့် ကိုလတ်ဟာ သူ အလိမ်ခံလိုက်ရပြီဆိုတာကို မသိသေးပါဘူး။ ငွေကျပ် ၇၅ သိန်းအပြည့်မလွှဲပေးတာကြောင့် တစ်ဖက်က အခုလို အဆက်အသွယ်မလုပ်တော့တာလို့ ထင်မှတ်နေပါသေးတယ်။

နောက်နှစ်ရက်ခန့်အကြာမှာတော့ သူ့အမေက သူ့လက်စွပ်နဲ့ ဆွဲကြိုးရောင်းချလိုက်တာကို သိသွားတာကြောင့် ကိုလတ်ကိုစိတ်ဆိုးကာ အိမ်ပေါ်ကမောင်းချလိုက်ပါတော့တယ်။ ကိုလတ်ဟာ ရန်ကုန်မြို့က သူ့ညီမအိမ်ကို ထွက်လာခဲ့ရပြီး သူ့ညီမနဲ့ယောက်ဖအပါအဝင် ဆွေမျိုးတွေက သူ့မက်ဆင်ဂျာကစာတွေကို စစ်ဆေးကြည့်တဲ့အခါမှ အလိမ်ခံလိုက်ရပြီဆိုတာ သိလာရတာပါ။

ဒီလိုလိမ်လည်တာဟာ ကျားဖြန့်လိမ်လည်နည်းအမျိုးမျိုးထဲက အွန်လိုင်းပေါ်ကနေ ခင်မင်ရင်းနှီးမှု ရယူပြီး အယုံသွင်းလိမ်လည်တဲ့နည်းပါ။

လိမ်လည်ခံရတဲ့ Screenshot မှတ်တမ်းများ
လိမ်လည်ခံရတဲ့ Screenshot မှတ်တမ်းများ

ကျားဖြန့်လိမ်လည်နည်းအမျိုးမျိုး

လူတိုင်းအင်တာနက် လက်လှမ်းမီလာတဲ့ခေတ်ကြီးမှာ လူမှုကွန်ရက်တွေပေါ်မှာ လိမ်လည်တဲ့ ဖြစ်စဉ်တွေ မကြာခဏ မြင်တွေ့လာရပြီး လိမ်လည်တဲ့ပုံစံတွေကလည်း အနည်းဆုံးငါးမျိုးခန့်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

အဲဒီထဲကတစ်နည်းကတော့ Application အတု၊ Website အတုတွေဖန်တီးပြီး လူစိတ်ဝင်စားမယ့် အကြောင်းအရာတွေကို ဖန်တီးရေးသားဖြန့်ဝေကာ  ဝင်ရောက်ကြည့်ရှုသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ၊ ဘဏ်စာရင်းတွေကို အရယူတဲ့ လိမ်လည်နည်းပါ။ အဲဒီလိမ်လည်နည်းမှာတော့ သူတို့ပေးထားတဲ့ Link တွေကို ဝင်ရောက်မိပြီဆိုတာနဲ့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေရဲ့ ပုံရိပ်တွေ၊ အမှတ်တံဆိပ်တွေကို အသုံးပြုထားတဲ့ အဲဒီ Link ထဲမှာ မိမိရဲ့ ဘဏ်အကောင့်နဲ့ Password တွေ ဖြည့်သွင်းစေကာ ငွေစာရင်းကို ထိန်းချုပ်ရယူတဲ့နည်းပါ။

ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းအယောင်ဆောင်ပြီးတော့ လိမ်လည်တဲ့နည်းလည်း ရှိပါသေးတယ်။ မိမိရဲ့ Kpay ၊ WavePay အကောင့်တွေ ဖွင့်လှစ်ထားတဲ့ဖုန်းနံပါတ်တွေကို တစ်ဖက်ကနေ အဲဒီငွေကြေးအဖွဲ့အစည်းဝန်ထမ်းအယောင်ဆောင်သူက ဖုန်းဆက်လာပြီး ကိုယ့်ရဲ့အကောင့်စကားဝှက်တွေကို လိမ်ယူတဲ့နည်းပါ။

နောက်ထပ်တစ်နည်းကတော့ အရောင်းအဝယ်လုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအတုတွေ၊ ကုမ္ပဏီအတု လိပ်စာအတုတွေနဲ့ လိမ်လည်တဲ့နည်းပါ။ အဲဒီလိမ်လည်နည်းကတော့ သူတိုရဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီး အမြတ်အစွန်းတွေရမယ်ဆိုကာ ငွေကြေးလိမ်လည်တဲ့နည်းပါ။

အလားတူပဲ လူမှုကွန်ရက်တွေပေါ်မှာ တကယ်မရှိတဲ့လိပ်စာတွေနဲ့ ကုန်ပစ္စည်းတွေရောင်းချတာ၊ ကားဂိတ်ကနေ ကုန်ပစ္စည်းပို့လိုက်တယ်ဆိုကာ လိမ်ညာငွေလွှဲခိုင်းတာတွေလည်း ရှိပါတယ်။

ဒါ့ပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ ရမယ်ဆိုပြီးတော့ လိမ်ညာတဲ့နည်းလည်း ရှိပါသေးတယ်။ အဲဒီလိုလိမ်လည်တဲ့သူတွေကတော့ အလုပ်ခေါ်စာတွေကို အင်တာနက်လူမှုကွန်ရက်ပေါ်မှာတင်ထားပြီး အလုပ်သမားလိုတယ်ဆိုကာ အလုပ်အကိုင်လိုအပ်နေသူတွေကို ဆွဲဆောင်တဲ့လိမ်လည်နည်းပါ။

တိုက်ကြီးမြို့နယ်မှာ နေထိုင်တဲ့ မဆွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တရုတ်နယ်စပ် မူဆယ်မှာ တစ်လငွေကျပ် ၁၅ သိန်းနဲ့ အလုပ်ရမယ်ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုရဲ့ ကြော်ငြာမှာ အလုပ်လျှောက်ခဲ့မိပါတယ်။

မူဆယ်မြို့က အထည်ဆိုင်ကြီးတစ်ခုမှာ လုပ်ရမှာဖြစ်ပြီး အလုပ်မရခင်မှာ ဝန်ထမ်းကတ်နဲ့ ယူနီဖောင်းဝတ်စုံဖိုးတွေ၊ အလုပ်အကိုင်ရှာဖွေပေးတဲ့ ဝန်ဆောင်ခဖိုးတွေအပါအဝင် တစ်လစာ ငွေကြေးကို ကြိုတင်လွှဲရမယ်ဆိုပြီး လိမ်ညာခဲ့တာပါ။

မဆွေက မသင်္ကာတဲ့အတွက် ဆိုင်နာမည်နဲ့ လိပ်စာတွေကို သေချာစုံစမ်းကြည့်တော့မှ တကယ်မရှိတဲ့ လိပ်စာတွေ၊ ဆိုင်နာမည်တွေကို အသုံးပြုထားပြီး လိမ်လည်နေတယ်ဆိုတာကို ကြိုသိခဲ့လို့ ကံကောင်းသွားခဲ့ပါတယ်။

 

ကျားဖြန့်ကွန်ရက်

အမေရိကန်ကွန်ဂရက်ရဲ့ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က အခုနှစ်မေလမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်စောင်မှာတော့ ကျားဖြန့်လိုခေါ်တဲ့ အွန်လိုင်းလိမ်လည်သူတွေဟာ ၂၀၂၀ မှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ် -၁၉ ကပ်ရောဂါကာလနောက်ပိုင်းမှာ များပြားလာပြီး လက်ရှိမှာတော့ ကမ္ဘာအနှံ့  ကွန်ယက်ကြီးတစ်ခုလို လည်ပတ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အွန်လိုင်းအခြေပြုလိမ်လည်မှုတွေဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့နဲ့ ဘရာဇီး၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေမှာ ပစ်မှတ်ထားလိမ်လည်နေကြတာပါ။

အဲဒီ အွန်လိုင်းလိမ်လည်မှုတွေကို တရုတ်ရာဇဝတ်ဂိုဏ်းတွေက အဓိက ကြိုးကိုင်နေပြီး စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံလိုမျိုး အကျင့်ပျက်ခြစားမှုတွေရှိနေတဲ့ နိုင်ငံတွေ၊ လက်နက်ကိုင်ပဋိက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ အာဏာပိုင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကာအကွယ်တွေအောက်မှာ လည်ပတ်နေကြတယ်လို့လည်း အစီရင်ခံစာက ဆိုထားပါတယ်။

ဒါ့ပြင် အဲဒီလုပ်ငန်းတွေဟာ လူကုန်ကူးမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု စတဲ့ ရာဇဝတ်မှုတွေ ထူပြောတဲ့ နယ်စပ်ဒေသတွေမှာ အခြေတည်လေ့ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအစိုးရကတော့ မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီး စစ်ကောင်စီနဲ့ ပူးပေါင်းကာ စတင်နှိမ်နင်းနေတယ်လို့ဆိုပါတယ်။

၂၀၂၃ နှစ်ဆန်းပိုင်းကနေ ဒီနှစ်ဇွန်လပိုင်းထိ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လူပေါင်း ငါးသောင်းနီးပါးကို စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်အစိုးရအာဘော်သတင်းစာ Global Times  မှာ ယခုနှစ် ဇွန် ၁၈ ရက်က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်က လွှဲပြောင်းပေးခဲ့သူအများစုက ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်က တရုတ်နိုင်ငံသားတွေ၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်သူတွေ၊ တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်နေသူတွေနဲ့ တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသူတွေဖြစ်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုခင်းတွေနဲ့ ပတ်သက်နေကြသူတွေပါ။

မြန်မာနိုင်ငံဘက်က ကျားဖြန့်လိမ်လည်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့တရားခံများ။ ဓာတ်ပုံ – Global Times
မြန်မာနိုင်ငံဘက်က ကျားဖြန့်လိမ်လည်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့တရားခံများ။ ဓာတ်ပုံ – Global Times

စစ်ကောင်စီထုတ် ကြေးမုံသတင်းစာမှာ အခုနှစ် ဇွန် ၁၃ ရက်က ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် ကိုကိုချွန် (FIU မော်လမြိုင်) ရဲ့ “ခေတ်စားလာသော Online လိမ်လည်မှုများ” ဆိုတဲ့ ဆောင်းပါးမှာတော့ မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့ဆီက အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်လို့ ထင်မြင်ချက်တောင်းခံရာမှာ ပြည်တွင်းမှာ အွန်လိုင်းလိမ်လည်မှုတွေကြောင့် ပြည်သူလူထုအတွင်း နှစ်စဉ် မြန်မာကျပ်ငွေ ငါးဘီလီယံနဲ့အထက် ဆုံးရှုံးနေတယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

ဒါ့ပြင် အွန်လိုင်းလိမ်လည်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပေမယ့် မှုခင်းရဲတပ်ဖွဲ့ဆီကို တိုင်ကြားတာက အနည်းငယ်ပဲရှိတယ်လို့လည်း ဆောင်းပါးမှာ ထည့်သွင်း ဝန်ခံထားပါသေးတယ်။

အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်လို့ တိုင်ကြားမှုတွေဟာ ၂၀၁၉မှာ ၁၁၆ မှု၊ ၂၀၂၀ မှာ ၁၄၂ မှု၊ ၂၀၂၁ မှာ ၇၈ မှု၊ ၂၀၂၂ မှာ ၁၂၉ မှုနဲ့ ၂၀၂၃ ခုနှစ်မှာ ၁၇၆ မှုရှိခဲ့ပြီး ငါးနှစ်အတွင်း အမှုပေါင်း ၆၀၀ ကျော်ပဲ တိုင်ကြားမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် အွန်လိုင်းလိမ်လည်မှုတွေကနေ ရရှိလာတဲ့ငွေကြေးတွေဟာ အွန်လိုင်းဘဏ်စနစ်တွေတစ်ဆင့် လောင်းကစားဂိမ်းတွေ၊ ငွေကြေးခဝါချမှုတွေဆီ စီးဆင်းသွားတယ်လို့ အမည်မဖော်လိုသူ အငြိမ်းစားရဲအရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

“အွန်လိုင်းကနေ လိမ်သွားတဲ့ Kpay အကောင့်ရဲ့ transaction တွေပြန်လိုက်တော့ ငွေထုတ်ထားတဲ့သူကလည်း  သူ့ဘာသာ Slot ဂိမ်းနိုင်လို့ထုတ်တာ။ သူက လိမ်တာမဟုတ်ဘူး။ အဲဒီလို သူတို့ငွေကြေးစီးဆင်းမှုတွေက ချိတ်ဆက်နေတာ” လို့ ၎င်း ရဲအရာရှိဟောင်းက ပြောပါတယ်။

အလိမ်လည်ခံရသူအများစုဟာလည်း အလိမ်လည်ခံရတဲ့ ငွေပမာဏနည်းပါးတာ၊ ရဲစခန်းတွေ တရားရုံးတွေနဲ့ မပတ်သက်လိုတာ၊ ရှက်ရွံ့တာတွေကြောင့် အများစုက အမှုမဖွင့်ကြတာများတယ်လို့ ၎င်းရဲအရာရှိဟောင်းက မှတ်ချက်ပြုပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်လို့ Hotline ဖွင့်လှစ်ထားပြီး အသိပညာပေးတာ၊ ကူညီတာတွေလုပ်ဆောင်နေတဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Western Union ကတော့ အွန်လိုင်းလိမ်လည်မှုတွေကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ အချက်တွေကို အင်္ဂလိပ်ဘာသာအပြင် မြန်မာဘာသာနဲ့လည်း သူတို့ရဲ့ဝဘ်ဆိုက်မှာ သတိပေးဖော်ပြထားပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေကို ကာကွယ်ရမယ့်နည်းကတော့ ကိုယ်တိုင်သေချာမသိရှိသူတွေကို ငွေမလွှဲဖို့ဆိုတဲ့ အချက်ကို အဓိကသတိပေးထားပါတယ်။

ဒါ့ပြင် ချေးငွေ (သို့မဟုတ်) ခရက်ဒစ်ကတ်နဲ့ဆိုင်တဲ့ အခကြေးငွေတွေ၊ အကောက်ခွန် (သို့မဟုတ်) ကုန်ပို့ခတွေအတွက်ငွေပေးပို့ရာမှာ သတိထားဖို့နဲ့ တရားဝင်လိပ်စာမရှိတဲ့လုပ်ငန်းတွေကို သံသယထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အိုင်တီပညာရှင်တစ်ဦးဖြစ်တဲ့ ကိုမြတ်သူကတော့ လူမှုကွန်ရက်သုံးစွဲသူတွေဟာ ကိုယ့်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေဖြစ်တဲ့ မှတ်ပုံတင်နံပါတ်တွေ၊ လိပ်စာအတိအကျတွေ၊ ဘဏ်စာရင်းနံပါတ်တွေ၊ စကားဝှက်တွေကို မတင်ထားဖို့နဲ့ လူမသိအောင် ကာကွယ်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အဓိကတော့ အယုံမလွယ်ဖို့ပါပဲ” လို့ ၎င်းက ပြောပါတယ်။

တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့ လက်ရှိကာလမှာ ဒီလိုအွန်လိုင်းလိမ်လည်မှုတွေကို မိမိဘာသာကာကွယ်ဖို့နဲ့ အသိပညာပေးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့လိုတယ်လို့ အိုင်တီသမားကိုမြတ်သူက အခုလိုပြောပါတယ်။

“ကျွန်တော်တို့ဆီမှာ အင်တာနက်က ဘာအကာအကွယ်မှမရှိဘူး။ ဆိုင်ဘာရာဇဝတ်မှုဆိုတာလည်း ဒီမှာ တော်တော်လေးစိမ်းနေသေးတယ်။ ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးပြီး ထိန်းချုပ်ဖို့လိုနေတယ်”

ကျားဖြန့်ထောင်ချောက်ထဲကျရောက်ကာ အလိမ်ခံလိုက်ရတဲ့ ကိုလတ်ကတော့ ကျုံပျော်ကိုမပြန်သေးဘဲ ရန်ကုန်က သူ့ညီမအိမ်မှာပဲ စိတ်ပြေလက်ပျောက် နေလိုက်ဦးမယ်လို့ ပြောပါတယ်။

ပြီးတော့ သူအခုလို အလိမ်ခံလိုက်ရတဲ့အတွက် အင်တာနက်လူမှုကွန်ရက်တွေကိုလည်း တော်တော်စိတ်ကုန်နေပုံပေါ်ပါတယ်။

“အခုဆို ဘာမှမကြည့်တော့ဘူး။ ဖေ့စ်ဘွတ်တောင်မသုံးတော့ဘူး။ အတွေ့အကြုံတော့ ရသွားတာပေါ့” လို့ ပြောပါတယ်။

( ဤဆောင်းပါးသည် မော်ကွန်းမဂ္ဂဇင်း၏ ဆောင်းပါးဖြစ်သည်။ မော်ကွန်းမဂ္ဂဇင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးသော စုံစမ်းထောက်လှမ်းရေးသားသည့် သတင်းဌာနတခုဖြစ်သည်။ )

#မြေလတ်အသံ

#ကျားဖြန့် #အွန်လိုင်းလိမ်လည်မှု #အွန်လိုင်းငွေလိမ်ဂိုဏ်း #ဆောင်းပါး #သတင်းဆောင်းပါး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10