ဦးဝါသဝခေါင်းဆောင်တဲ့ပျူစောထီးအဖွဲ့ကို စစ်ကောင်စီက သေနတ် ၁၃၀ ကျော်နဲ့ စစ်ဝတ်စုံတွေထပ်မံထောက်ပံ့

ဦးဝါသဝခေါင်းဆောင်တဲ့ပျူစောထီးအဖွဲ့ကို စစ်ကောင်စီက သေနတ် ၁၃၀ ကျော်နဲ့ စစ်ဝတ်စုံတွေထပ်မံထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ့မြို့နယ်အခြေစိုက် အမှတ် ၆၀၀၆ တပ်ရင်းထဲမှာ ပျူစောထီးခေါင်းဆောင် ဘုန်းကြီးဦးဝါသဝခေါင်းဆောင်တဲ့ ပျူစောထီးအဖွဲ့ကို စစ်ကောင်စီက လက်နက်နဲ့ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၇ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက ပျုစောထီးအဖွဲ့တွေအတွက် သေနတ် ၁၃၀ ကျော်၊ တောစီးဖိနပ်၊ ကျည်ကာ၊ ဦးထုပ်၊ စစ်ဝတ်စုံနဲ့ ဆေးဝါးတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

"အရင်တုန်းက ၁၈ ကနေ ၃၅ ခေါ်ထားတဲ့ မဲပေါက်တဲ့သူတွေ ၃၅ ကနေ ၆၀ မဲပေါက်သူတွေ သင်တန်းဆင်းတာ။ အင်အား ၂၀၀ လောက်သင်တန်းဆင်းတယ်။ သူတို့ကတော့ ပြည်သူ့စစ်လို့ ခေါ်တာပေါ့။ သင်တန်းဆင်းတွေကို ထောက်ပံ့ပေးတာလို့တော့ သိရတယ်။” လို့ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

သင်တန်းဆင်းထားသူတွေဟာ ကန့်ဘလူမြို့ပေါ်၊ ထန်းကုန်းတိုက်နယ်အပါအဝင် ပျူစောထီးစိုးမိုးထားတဲ့ ကျေးရွာကသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ကန့်ဘလူအနောက်ခြမ်း၊ တန့်ဆည်မြောက်ခြမ်း၊ ကျွန်းလှအရှေ့တောင်ခြမ်းက ကျေးရွာပေါင်း ၂၅ ကျော်ဟာ ဦးဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေအားကောင်းတဲ့ရွာတွေလို့ ဆိုပါတယ်။

ကန့်ဘလူနယ်တကြောမှာ စစ်ကောင်စီအဖွဲ့က ဦးဝါသဝဦးဆောင်တဲ့ ပျုစောထီးအဖွဲ့တွေကို လက်နက်၊ ရိက္ခာ၊ ဒရုန်းတွေကအစ မကြာခဏထောက်ပံ့ပေးလေ့ရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီဒေသတွေကိုတော့ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က နယ်မြေစိုးမိုးနိုင်မှု အင်အားနည်းနေ သေးပြီး ပျူစောထီးကျေးရွာတွေကို အဝေးကနေဒရုန်းဗုံးချတာ၊ လက်နက်ကြီးပစ်တာလောက်သာ လုပ်နိုင်သေးတယ်လို့ သိရပါတယ်။

၂၀၂၃ နှစ်ဆန်းပိုင်းလောက်ကတည်းကလည်း ဦးဝါသဝဦးဆောင်ပြီး ကန့်ဘလူနယ်ထဲက ကျေးရွာ တွေမှာ ပျူစောထီးအဖွဲ့တွေလိုက်လံဖွဲ့စည်းပြီး စစ်ကောင်စီကစစ်သင်တန်းတွေပေးတာ၊ လက်နက်ရိက္ခာတွေ ထောက်ပံ့တာတွေလုပ်ဆောင်ခဲ့ကာ လက်ရှိပျူစောထီးအဖွဲ့ဝင် အင်အား ၁၀၀၀ ကျော်လောက် ရှိနိုင်တယ်လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ခန့်မှန်းပါတယ်။ 

အဲ့ဒီပျူစောထီးအဖွဲ့ဝင်တွေထဲမှာ အတင်းအကြပ်လူစုခံရပြီး သင်တန်းတက်ရသူတွေလည်း ပါဝင်တာကြောင့် တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့တဲ့တိုက်ပွဲတွေမှာဆို ထွက်ပြေးတဲ့ ပျူစောထီးတွေလည်းရှိတယ်လို့ ကန့်ဘလူမြို့နယ် ပကဖပြန်ကြားရေးက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် ချပ်သင်းရွာတိုက်ပွဲနဲ့ မေ ၇ ရက်က မလယ်ရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ၊ ဝါသဝပျူစောထီးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ထိပ်တိုက်တွေ့ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဦးဝါသဝဟာ နမခ အပါအဝင် ဒေသတွင်းစစ်ကောင်စီအဖွဲ့တွေက အားကိုးရသူဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကျွန်းလှ စတဲ့မြို့နယ်တွေအတွင်းရှိ စစ်ကောင်စီထောက်ခံမှု အားကောင်းတဲ့ ကျေးရွာတွေမှာ အထိုင်ချကာ ပြည်သူ့စစ် (ခေါ်) ပျူစောထီးသင်တန်းတွေပေးကာ စစ်ကောင်စီအတွက် တဖက်တလမ်းက လူအင်အားစုပေးနေသူလည်း ဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ဝါသဝ #ပျူစောထီး #လက်နက်ထောက်ပံ့ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10