၁ လကျော် ပစ်ခတ်မှုငြိမ်နေတဲ့ အင်းတော်မှာ မြို့သိမ်းတိုက်ပွဲပြန်စနေ

၁ လကျော် ပစ်ခတ်မှုငြိမ်နေတဲ့ အင်းတော်မှာ မြို့သိမ်းတိုက်ပွဲပြန်စနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်ညနေပိုင်းက တိုက်ပွဲတွေပြန်စနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

“မနေ့ညပိုင်း (ဒီဇင်ဘာ ၁၁ ရက်) ကနေ တိုက်ပွဲဖြစ်နေတာ၊ ညကတော့ လေယာဉ်နဲ့ ၂ ကြိမ် ဗုံးလာကြဲသွားတယ်။ ထိတွေ့ပစ်ခတ်မှုတွေကတော့ အခုထိရှိပါတယ်။” လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦး ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲမစခင် ရက်ပိုင်းအလိုက လေကြောင်းနဲ့ရိက္ခာဖြည့်တင်းတာတွေ လုပ်ထားတယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာ ၇ ရက်ညပိုင်းက Y 12 ထောက်ပို့ယာဉ်နဲ့ စစ်ကောင်စီတပ်စွဲနေတဲ့ အင်းတော်အရှေ့ခြမ်းက စစ်တပ်ကုန်းရှိရာကို ရိက္ခာထုပ် ၈၀ ဝန်းကျင်လာချခဲ့ပြီး အဲ့ဒီထဲကအထုပ်တချို့ကို ကာကွယ်ရေးတပ်တွေဘက်က ရခဲ့တယ်လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

အင်းတော်မြို့နယ်ထဲက လက်ရှိ ဂျပန်လှိုင်ဂူလို့ခေါ်တဲ့ စစ်တပ်ကုန်းမှာ စစ်ကောင်စီက အခိုင်အမာ တပ်စွဲထားပြီး မီတာ ၈၀၀ ကျော်ဝေးတဲ့ မြို့မဘုန်းကြီးကျောင်းမှာတော့ စစ်ကောင်စီတပ်သားတချို့နဲ့ သူတို့ဖမ်းဆီးထားတဲ့ ပြည်သူ ၁၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

အဖမ်းခံထားရတဲ့ ပြည်သူတွေထဲမှာ Non CDM ဝန်ထမ်းတွေလည်း ပါဝင်နေပြီး စစ်တပ်က အဲ့ဒီ ဝန်ထမ်းတွေကို ထွက်ခွာခွင့်မပေးဘဲ စစ်တပ်ထောက်ခံသူတချို့ကတော့ ထွက်ခွင့်ရခဲ့ပေမယ့် မထွက်ဘဲနေနေကြတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

ပထမဆုံးအင်းတော်မြို့သိမ်းတိုက်ပွဲဟာ သြဂုတ် ၁၆ ရက်ကနေ စက်တင်ဘာ နောက်ဆုံးပတ်အထိဖြစ်ခဲ့ပြီး ဒုတိယအကြိမ်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိဖြစ်ခဲ့ပြီးနောက် ခု တတိယအကြိမ် မြို့သိမ်းတိုက်ပွဲကိုတော့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြန်လည်စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ပထမအကြိမ်မြို့သိမ်းတိုက်ပွဲ ဩဂုတ် ၁၆ ရက်မှာစတင်ခဲ့ပြီး ၁ ပတ်အတွင်း နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားရွာအဝင် ဂိတ်စခန်း၊ နဘားဘုန်းကြီးကျောင်းက စစ်ကောင်စီစခန်းနဲ့ ရဲစခန်းတို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်မှာစတင်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေလုပ်လို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး ကာကွယ်ရေးတပ်တွေဘက်က ဒုတပ်ရင်းမှူး ၁ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ဖြေဆိုခဲ့ပါတယ်။ 

အင်းတော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော် - KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းအထိ စစ်ကောင်စီရဲ့ ကျန်စခန်းတွေကို ဆက်ပြီးတိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။

တိုက်ပွဲကာလ ၄ လအတွင်း စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးထားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ကျဆုံးမှုတွေရှိနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။ 

ပုံစာ - မြို့သိမ်းတိုက်ပွဲအတွင်း မြင်တွေ့ရသည့် အင်းတော်မြို့။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #မြို့သိမ်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10