၁ လကျော်အတွင်း စစ်ကိုင်းနဲ့မကွေးမှာ Non-CDM ၁ ထောင်နီးပါး အလင်းဝင်လာ

၁ လကျော်အတွင်း စစ်ကိုင်းနဲ့မကွေးမှာ Non-CDM ၁ ထောင်နီးပါး အလင်းဝင်လာ

ကောလင်းမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက Non-CDM ၁ ထောင်နီးပါး အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် ကောလင်းမြို့သိမ်းတိုက်ပွဲအပြီး ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်အထိ ၁ လကျော်ကြာအတွင်းမှာ အလင်းဝင်ရောက်လာတဲ့ Non-CDM ၈၉၀ ဦး ရှိပြီး ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဆီ စာရင်းတွေအကုန်လုံး မရောက်သေးဘူး။ ကျနော်တို့ဆီမရောက်သေးတဲ့ စာရင်းတွေလည်းရှိနိုင်တဲ့အတွက် ၈၉၀ ထက်များတာလည်း ဖြစ်နိုင်တယ်" လို့ ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၁၅ ရက်မှာ မြေလတ်အသံကို ပြောပါတယ်။

မကွေးတိုင်းမှာ ထီးလင်းတမြို့တည်း ၃၃၂ ဦးနဲ့ စစ်ကိုင်းတိုင်းထဲမှာ မုံရွာ၊ ထီးချိုင့်၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ကသာ၊ ကျွန်းလှ၊ ဘုတလင်၊ တန့်ဆည်၊ မြင်းမူ၊ မြောင်မြို့တွေကနေ ၅၅၈ ဦး ဝင်ရောက်လာတာဖြစ်ပါတယ်။

အခုစာရင်းဟာ ဌာနဆိုင်ရာဝန်ထမ်းများသာဖြစ်ပြီး စစ်ဘက်နဲ့ ရဲတပ်ဖွဲ့ဝင်မပါဝင်ဘူးလို့ သိရပါတယ်။ တချို့ဝန်ထမ်းတွေကတော့ တော်လှန်ရေးအဖွဲ့တွေဆီ ရောက်လာတာမရှိပေမယ့် တခြားနည်းတွေနဲ့ စစ်ကောင်စီလက်အောက်ကနေ စွန့်ခွါတာရှိလို့ စာရင်းကောက်ယူလို့မရဘူးလို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

"Non-CDM တွေက စောစောစီးစီး ကြိုပြီး အလင်းဝင်ထားတာတွေ့နေရတယ်။ တချို့နေရာတွေမှာ တော်လှန်ရေးအင်အားစုတွေဘက်ကို ပြောင်းပြီး အလင်းဝင်တာမဟုတ်ပေမယ့်လည်း သူတို့နည်းသူတို့ဟန်နဲ့ ကျောင်းတွေကိုစွန့်ခွါတာ ရုံးတွေကိုစွန့်ခွါတာမျိုးတွေလည်း တွေ့နေရတယ်" လို့ သူကပြောပါတယ်။

အလင်းဝင်လာသူကိုတွေကို CDM မူဝါဒအတိုင်း ဆောင်ရွက်မှာဖြစ်ပြီး ဒုညွှန်နဲ့အထက်ကို အယူခံဝင်ခွင့်မပေးသလို အလုပ်ပြန်လည်လျှောက်ခွင့်လည်းရမှာမဟုတ်ဘူးလို့ သိရပါတယ်။ လက်ညွှန်အဆင့်အောက်ကိုတော့ သက်ဆိုင်ရာမြို့နယ်တွေက Non-CDM စီမံခန့်ခွဲရေးကော်မတီကစိစစ်ပြီး အယူခံဝင်ခွင့်ရှိကာ ကြောင်းကျိုးခိုင်လုံပါက ရာထူးတဆင့်ချအလုပ်ခန့်တာ မိမိဆန္ဒအလျှောက် ပြောင်းရွှေ့ နေထိုင်ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းချိန်မှ စတင်ပြီး လက်ရှိအချိန်ထိ မြန်မာတနိုင်ငံလုံးမှာ NUG နဲ့ ချိတ်ဆက်မိတဲ့ CDM ဦးရေ ၂၁၅၀၀၀ ကျော်ရှိပြီး ချိတ်ဆက်မမိသေးတဲ့ CDM ၁ သိန်းကျော်ခန့်ရှိနိုင်ကာ စုစုပေါင်း CDM ၃ သိန်းကျော်မှာ ရှိနိုင်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#NUG #CDM #NonCDM #စစ်ကိုင်းတိုင်း #မကွေးတိုင်း #နွေဦးတော်လှန်ရေး #ပြည်ထောင်စုဝန်ကြီးချုပ်ရုံး #မူဝါဒ #စီမံခန့်ခွဲမှု #ဌာနဆိုင်ရာ #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10