၁ လေးလုံးသပိတ်နေ့မှာ နေပြည်တော်က ကြံခိုင်ရေးပါတီဝင်တွေဦးဆောင်ပြီး တပ်ထောက်ခံပွဲပြုလုပ်

၁ လေးလုံးသပိတ်နေ့မှာ နေပြည်တော်က ကြံခိုင်ရေးပါတီဝင်တွေဦးဆောင်ပြီး တပ်ထောက်ခံပွဲပြုလုပ်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် ဘောလုံးကွင်းမှာ ဒီကနေ့ နို၀င်ဘာ ၁၁ ရက် မနက်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်တွေဦးဆောင်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ စစ်တပ်ကိုထောက်ခံတဲ့ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ရှေ့တန်းရောက်စစ်ကောင်စီတပ်‌သားတွေကို ထောက်ခံကြောင်း ဖော်ပြတဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ပြသနေတာလို့ ဆိုပါတယ်။

" ပွဲကိုအင်အားပြဖို့ ထောင်ဂဏန်းတက်တယ်ဆိုပြီး စာရင်းယူသွားတယ်။ တက်တဲ့သူက ကလေးကစားကွင်း တ၀က်တောင်မပြည့်ဘူး။ စစ်တပ်အစောင့်တွေနဲ့ လုပ်ရတာ။ အချိန်ပိုင်းလေးပဲ။ စစ်တပ်ကို အားပေးထောက်ခံကြောင်းနဲ့ PDF အလိုမရှိကြောင်း အော်ရတယ်"လို့ ပွဲမှာပါ၀င်တက်ရောက်ခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်တပ်ထောက်ခံပွဲကို ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး နေပြည်တော်နယ်မြေ ၈ ခုက တပ်ထောက်ခံသူတွေ စုစည်းပြီး အမျိုးသားရေးလှုပ်ရှားသူတွေပါ ပါ၀င်ဆောင်ရွက်ခဲ့ကြတယ်လို့ ပွဲမှာပါဝင်ခဲ့သူက ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ယက်တွေမှာတော့ တပ်ထောက်ခံပွဲတက်ရောက်သူ ထောင်နဲ့ချီရှိတယ်လို့ ဖော်ပြပေမယ့် မြေပြင်မှာပါဝင်တဲ့အရေအတွက်က ရာဂဏန်းသာရှိတယ်လို့ ပါဝင်သူတဦးက ပြောပါတယ်။

ဒီကနေ့ပြုလုပ်နေတဲ့ ၁၁၁၁ သပိတ်ကို တန်ပြန်တဲ့အနေနဲ့ အခုလိုတပ်ထောက်ခံပွဲကို လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။

အဲ့ဒီတပ်ထောက်ခံပွဲမှာ ရက္ခိုင့်တပ်တော် AA၊ ကချင် လွတ်မြောက်ရေးတပ်မတော် KIA၊ ကိုးကန့်တပ်မတော် MNDAA၊ BPLA နဲ့ PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ ရှေ့တန်းရောက်စစ်ကောင်စီတပ်သားတွေကို ‌အားပေးထောက်ခံကြောင်း ကြွေးကြော်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#နေပြည်တော် #တပ်ထောက်ခံပွဲ #ကြံ့ခိုင်ရေးပါတီ #ပြုလုပ်မှု #၁၀၂၇ #မြောက်ပိုင်းမဟာမိတ် #ဆန့်ကျင်မှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10