၁၀၂၇ စစ်ဆင်ရေးရောက်လာမှာကို စိုးရိမ်ပြီး မတ္တရာမှာ စစ်တပ်က လုံခြုံရေးတိုးမြှင့်

၁၀၂၇ စစ်ဆင်ရေးရောက်လာမှာကို စိုးရိမ်ပြီး မတ္တရာမှာ စစ်တပ်က လုံခြုံရေးတိုးမြှင့်

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး မတ္တရာမြို့နယ်ဝင်ရောက်လာမှာကို စိုးရိမ်ပြီး စစ်ကောင်စီက မတ္တရာမြို့နယ်ကို အင်အားထပ်တိုးနေတယ်လို့ မတ္တရာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မတ္တရာမြို့နယ် အရှေ့ခြမ်းဟာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နဲ့ ထိစပ်နေတာကြောင့် မတ္တရာမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက်ကတည်းက အင်အားတွေထပ်တိုးနေတာလို့ ဒေသခံတွေကလည်း ပြောပါတယ်။

"မတ္တရာ PDF မှာ TNLA တပ်ဖွဲ့ သင်တန်းဆင်းတွေ များတယ်လေ။ စဉ့်ကူးမှာလည်း TNLA ဘက်က ဆင်းထားတာများတော့ သူတို့ ဒီဘက်ကို ကာစစ်ပြန်ဝင်ထားတဲ့ သဘောမျိုး" လို့ PDF ရဲဘော်တဦးက ပြောပါတယ်။ 

မတ္တရာမြို့နယ်ထဲကို ဝင်လာတဲ့စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၃၁ ရက်က ကြပ်ပြင်ကျေးရွာကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

"အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးလို့ တော့သိရတယ်။ မန္တလေးကို ဆေးကုဖို့သွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီနောက် စစ်တပ်က မြောင်းသစ်ကျေးရွာဘက်ကို အင်အား ၁၀၀ လောက်နဲ့ ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒီနေ့ မနက် ၂ နာရီလောက်ကလည်း ကျောက်တံတားရွာဘက်ကနေ စစ်အင်အား ၇၀ လောက်က ငါးလုံးပြွန်ကျေးရွာထဲကို ဝင်ရောက်မီးရှို့တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရမှုမှာ နေအိမ် ၁၀ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

မတ္တရာမြို့နယ် အနောက်ခြမ်းက ဥဒိန်ကျေးရွာမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အရင်ထဲက အထိုင်ချတပ်စွဲထားတဲ့ စကျင်ကျေးရွာမှာလည်း အင်အား ၇၀ ဝန်းကျင်အထိ အင်အား ထပ်တိုးထား တယ်လို့ သိရပါတယ်။

အလားတူ ဧရာဝတီမြစ်ကြောင်းမှာလည်း စဉ့်ကူးမြို့နယ်၊ ရွာသာယာရွာက ပျူစောထီးတွေပါတဲ့ သံခွန်နဲ့ ထုံးကြီး ကျေးရွာရဲစခန်းက ထွက်လာတဲ့ သံခွန်တို့က မြစ်အတွင်း လှည့်လည်သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ပုံစာ - ငါးလုံးပြွန်ကျေးရွာကို မနေ့ မနက်မှာ စစ်တပ်က မီးရှို့နေသည့် မြင်ကွင်း။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရှမ်းပြည်နယ် #၁၀၂၇စစ်ဆင်ရေး #မတ္တရာမြို့နယ် #စစ်ကောင်စီ #PDF #TNLA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10