၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးမှာ ရွှေဘိုတပ်ရင်း ၂၆ က ရဲဘော် ၄ ဦး ကျဆုံး

၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးမှာ ရွှေဘိုတပ်ရင်း ၂၆ က ရဲဘော် ၄ ဦး ကျဆုံး

မန္တလေးတိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ တကျော့ပြန် စစ်ဆင်ရေးမှာ ရွှေဘိုမြို့နယ် အခြေစိုက် တပ်ရင်း ၂၆ က ရဲဘော် ၄ ဦး ကျဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၆ (Myanmar Defense Force-Shwebo) တပ်ဖွဲ့ကတဆင့် သိရပါတယ်။

အဲ့ဒီရဲဘော်တွေဟာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ချိန်မှာ ကျဆုံးခဲ့ကြတာလို့ ဆိုပါတယ်။ 

“လက်နက်ကြီးအစမှန်တာရော ကျည်ထိတာရောပါပဲ။ ၁၀၂၇ အပိုင်း ၂ မှာ ကျဆုံးရဲဘော် ၄ ဦး အထိရှိပြီ။ ဒီနေ့(ဇူလိုင် ၁၀)ဆို ကျနော်တို့ ၃ ဦးမြောက် နာရေးအခမ်းအနားလုပ်ပြီးကာ ရှိသေးတယ်။ နောက် ၁ ယောက် ကျတဲ့သတင်း ဝင်လာတာပဲ။”လို့  ရွှေဘိုခရိုင် တပ်ရင်း ၂၆ ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဇွန် ၂၆ ရက်မှာ ရဲဘော် ကျော်လှိုင်မင်း၊ ဇူလိုင် ၃ ရက်မှာ ရဲဘော်ကျားနက် (ခ) မောင်ကျော်၊ ဇူလိုင် ၄ ရက်မှာ ရဲဘော်ရာကျော်နဲ့ ဒီနေ့ ဇူလိုင် ၁၀ ရက်မှာ ရဲဘော် ဒိုကြီးတို့ ကျဆုံးခဲ့တာပါ။ 

ကျဆုံးရဲဘော်တွေရဲ့ ရုပ်အလောင်းကို ဇာတိကို ပြန်သယ်ယူဖို့မလွယ်ကူတာကြောင့် စစ်ဆင်ရေးနယ်မြေမှာပဲ ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီး တပ်ရင်းမှာတော့အမိန့်ပြန်တမ်းဖတ်ကာ နာရေးအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးမှာ ဗျုဟာ ၅၂၊ ရွှေဘိုခရိုင် တပ်ရင်း ၇၊ ရွှေဘိုခရိုင် တပ်ရင်း ၁၀၊ ရွှေဘိုခရိုင် တပ်ရင်း ၁၆၊ ဗျူဟာ ၅၅၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈၊ ရွှေဘိုခရိုင် တပ်ရင်း ၂၃၊ ရွှေဘိုခရိုင် တပ်ရင်း ၂၆ အပါအဝင် မန္တလေးနဲ့စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့  ၂၀ ကျော်က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

စစ်ဆင်‌ရေးစတင်ပြီး ၁၀ ရက်ကျော်အတွင်း စဉ့်ကူးမြို့နယ်က စစ်ကောင်စီစခန်း ၁၁ ခုနဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်း ၂၅ ခုကျော်ကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ထားတယ်လို့လည်း သိရပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #၁၀၂၇စစ်ဆင်ရေး #PDF #ကျဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10