၁၅ ဦးကျော်သေဆုံးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကမီးရှို့လို့ နေအိမ် ၄၀ ကျော်ပျက်စီး

၁၅ ဦးကျော်သေဆုံးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကမီးရှို့လို့ နေအိမ် ၄၀ ကျော်ပျက်စီး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲနေထိုင်ချိန် တိုက်ခိုက်ခံရလို့ဆိုပြီး ကျေးရွာကို မီးရှို့လို့ နေအိမ် ၄၂ လုံး ပျက်စီးသွားတယ်လို့ တောင်ငူခရိုင် ၃၅၀၁ တပ်ရင်းက ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်က မရိုးခုံကျေးရွာဘုန်းကြီးကျောင်းမှာ အင်အား ၁၅၀ ကျော်လောက်နဲ့ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပဲခူးရိုးမအနောက်ခြမ်း (အုတ်တွင်း-တောင်ငူ-ရေတာရှည်၊ဆွာနှင့်ကိုးပင်၊ သာဂရ) အမြန်လမ်းသစ်ပိုင်း နယ်မြေအတွင်းမှာ လှုပ်ရှားပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ (RV) စစ်ကြောင်းကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီ နီးပါး တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"အဲ့ဒီ စကစ စစ်ကြောင်းက ရွာစဥ်လှည့် စစ်ကြောင်းပတ်ထိုးပြီး ဒေသခံတွေကို အနိုင်ကျင့်နေတာ။ မရိုးခုံရွာထဲကို ၂၃ ရက်နေ့လောက်ကတည်းကရောက်ပြီး တပ်စွဲနေချိန်မှာ သူတို့ပြန်အထွက်ကိုစောင့်နေပေမယ့် မထွက်ဘဲ ရက်ကြာလာလို့ ဝင်တိုက်ခဲ့တာ။ အဲ့ဒါကို ရွာထဲရှိချိန် တိုက်ခိုက်ခံရတာကို မကျေနပ်လို့ နောက်တခေါက်ပြန်လာပြီး ရွာကိုမီးရှို့သွားတာ"လို့ တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ရွာထဲကိုဝင်တိုက်တဲ့ရက်မှာ စစ်ကောင်စီတပ်ဘက်က ၁၅ ဦးခန့်သေဆုံးပြီး အဲ့ဒီနေ့မှာပဲ စစ်ကြောင်းက ကျေးရွာထဲကနေ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ရွာထဲကတပ်ပြန်ဆုတ်သွားစစ်ကြောင်းကို PDF တွေက နောက်ကလိုက်တိုက်ချိန်  စစ်ကြောင်းက လူတွေခွဲထုတ်ပြီး လမ်းကြောင်းပြောင်းသွားလို့ ရှာမရဖြစ်နေချိန် ဒီဇင်ဘာ ၂၆ ရက်မှာ စစ်ကြောင်းငယ် တခုက မရိုးခုံရွာကို မီးဝင်ရှို့ခဲ့တာပါ။

မရိုးခုံရွာကို စစ်တပ်က မီးဝင်ရှို့နေတာသတင်းရလို့ PDF တွေဘက်က စနို​က်ပါနဲ့လိုက်ပစ်ရာ စစ်သား ၂ ဦးထပ်ပြီးသေဆုံးလို့ မီးရှို့တာရပ်ပြီး ပြန်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မှာ PDF တွေဘက်က မရိုးခုံကျေးရွာကို ဝင်ရောက်ပြီး နယ်​မြေရှင်းလင်းချိန် စစ်ကောင်စီတပ်တွေ မီးရှို့လို့ပျက်စီးနေတဲ့ နေအိမ် ၄၂ လုံးနဲ့ စစ်တပ်က ဝင်ရောက်မွှေနှောက် ရှာဖွေထားတဲ့ အိမ် ၅၀ ထက်မနည်းကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

နယ်​​မြေရှင်းလင်းချိန်မှာ စစ်ကောင်စီတပ်ဘက်က အသုံးပြုတဲ့ ဆက်သွယ်ရေးသုံး ဘက္ထရီအိုး ၂ လုံး၊ ကျည်အချို့၊ ကျည်ဘောက်တစ်ခု၊ ကျည်ဖောက်ဝင်ထားတဲ့ စစ်သုံးယူနီဖောင်းအချို့အပြင် စစ်သုံးပစ္စည်းထုတ်ယူတဲ့ (စလစ်) စာရွတ်စာတမ်းနဲ့ ဆေးကုထားတဲ့ သွေးစွန်းအဝတ်အထည်တွေကို သိမ်းဆည်းရမိခဲ့ကြပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ကတည်းက ထွက်ပြေးနေရတဲ့ မရိုးခုံရွာသားတွေဟာ ဒီဇင်ဘာ ၃၀ ရက် နောက်ပိုင်းမှာ ပြန်ဝင်လာသူတွေရှိသလို ရွာမှာပြန်မနေရဲလို့ မြို့ကို အပြီးပြောင်းသွားသူတွေလည်းရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ မရိုးခုံကျေးရွာကို မီးရှို့တာ အကုန်မရှို့နိုင်ခဲ့လို့ မကျေမနပ်ဖြစ်ကာ နောက်ထပ်တကြိမ်မီးရှို့ဖို့ စီစဥ်နေတဲ့သတင်းတွေ ထွက်လာလို့ ဒေသခံတွေဟာ စိုးရိမ်နေကြပါတယ်။

မရိုးခုံကျေးရွာဟာ အိမ်ခြေ ၄၈၀ ခန့်ရှိပြီး ပဲခူးရိုးမနဲ့နီးစပ်တဲ့ကျေးရွာဖြစ်ကာ တောင်သူ၊ တောခုတ်အသက်မွေးဝမ်းကြောင်းလု​ပ်ငန်းနဲ့ နေထိုင်သူများတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရေတာရှည် #မရိုးခုံ #စစ်တပ် #မီးရှို့ #မွှေနှောက် #ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10