၂ ရက်တာ တိုက်ပွဲ ၇ ခုမှာ စစ်သား ၆ ဦး သေဆုံးတယ်လို့ မြိုင် PDF ပြော (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းမှာ စစ်သား၊ပျူစောထီးတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ၂ ရက်အတွင်းမှာ တိုက်ပွဲ ၇ ကြိမ် ဖြစ်ခဲ့တဲ့အတွက် စစ်သား ၆ ဦးသေဆုံးပြီး ၃၄ဦး ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပကဖ ဆီက သိရပါတယ်။

မင်းကန်ရွာက ထွက်လာတဲ့ စစ်သားနဲ့ပျူစောထီး အင်အား ၈၀ ဝန်းကျင်ဟာ ဧပြီလ ၂၃ ရက်က ပကဖ စခန်းတခုကို မီးရှို့ပြီးထွက်လာချိန် ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရပြီး အရှေ့ပဒိုင်းတောကျေးရွာကို ဝင်သွားကြပါတယ်။


ဧပြီလ ၂၄ ရက်မှာ အဲဒီစစ်အုပ်စုဟာ ပဒိုင်းတောကျေးရွာက ထွက်လာပြီး ညောင်တုန်းရွာက နေအိမ် ၃၂ လုံးကိုမီးရှို့နေချိန်မှာ မိုင်းဆွဲခံရတာအပြင် ဒရုန်းနဲ့ပါ ဗုံးသီးကြဲခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ဗိုလ်လက်ယာက ပြောပါတယ်။

ဧပြီလ ၂၃ ရက်မှာ တိုက်ပွဲ ၃ ကြိမ်နဲ့ ၂၄ ရက်မှာ ၄ကြိမ် စုစုပေါင်း တိုက်ပွဲ ၇ကြိမ်မှာ Well 2 ရေနံမြေ ကနေ ဖလံကိုင်စခန်းအထွက်တိုက်ခိုက်ခံရတာ၊ ယောချောင်းထဲမှာ ငါးရှော့တိုက်နေတဲ့ စစ်သားတွေကိုပစ်ခတ်တာ၊ ပေါက်မြို့နယ် ဇီးပြားရဲစခန်းကို တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းကို ၂ ရက်တာ တိုက်ခိုက်မှုမှာ ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး ၆၀ ကျော်ကြဲခဲ့သလို မိုင်း ၁၀ လုံး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။

၂ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးတာတွေ ရှိပြီး တိုက်ပွဲပေါင်း ၇ ကြိမ်မှာ စစ်သား ၆ ဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ မြေလတ်အသံက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကာကွယ်ရေးအဖွဲ့မှာလည်း ရဲဘော်၂ ဦး မစိုးရိမ်ရ ထိခိုက်ခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ရင်း ( ၁ ) ခွဲ ( ၃ ) စု ( ၂ )၊ Pakokku Thurain အဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Earthquake People Defence Force၊ Royal Defence Force၊ Young Force ၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ခရိုင်ရင်း ( ၁၈ ) ခွဲ ( ၃ ) နဂါးမျိုးအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့များ၊ ပေါက်မြို့နယ် ဗိုလ်စကားအဖွဲ့နဲ့ တောင်ညိုနဂါးအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ်- ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10