၂ နှစ်ကျော်စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော် သောက်သုံးရေခက်ခဲနေ

၂ နှစ်ကျော်စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော် သောက်သုံးရေခက်ခဲနေ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲကနေ ဆောမြို့နယ်ထဲကို ၂ နှစ်ကျော်ကြာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော် လက်ရှိမှာ သောက်သုံးရေအခက်အခဲဖြစ်နေတယ်လို့ Yu&Tulip Foundation အဖွဲ့ဆီက သိရပါတယ်။

အဆိုပါ စစ်ရှောင်တွေဟာ ဆောမြို့နယ်၊ သုံးလံပြည့်ကျေးရွာမှာ နေထိုင်နေရာကနေ လက်ရှိ ရွာနဲ့ဝေးတဲ့နေရာကို ပြောင်းရွှေ့နေထိုင်နေရတာကြောင့် လုံလောက်တဲ့ ရေမရရှိတဲ့အတွက်အအခက်ခဲဖြစ်နေပြီး အဓိက သောက်ရေလိုအပ်နေတာ ဖြစ်ပါတယ်။ 

"အရင်က ရွာနားကပ်နေတော့ ရေအတွက်ကအဆင်ပြေတယ်။ အခုက ရွာနဲ့အဆင်မပြေဖြစ်တော့ နေရာပြောင်းရွှေ့နေရတော့ ရေအခက်ခဲရှိလာတယ်။ သုံးရေကတော့ အနီးကချောင်းရေတွေနဲ့ သုံးနေပေမယ့် အမှန်တကယ်ဆို မသန့်တဲ့ရေတွေကများတယ်။ သောက်ရေအတွက်ဆို ၃ မိုင်လောက် အကွာထိသွားပြီး ခပ်နေကြရတယ်"လို့ Yu&Tulip Foundation မြေပြင်ထောက်ပို့ တာဝန်ခံ မကျူးလစ်က ပြောပါတယ်။ 

စစ်ရှောင်ဒေသခံတွေထဲက ဆိုင်ကယ်ရှိသူတွေအတွက်က သောက်ရေသွားခပ်ဖို့အဆင်ပြေပေမယ့် ဆိုင်ကယ်မရှိသူတွေအတွက် သောက်ရေခပ်ယူနိုင်ဖို့ခက်ခဲပြီး တချို့ကတော့ အခြားသူဆိုင်ကယ်ကိုငှားပြီး ခပ်ရသလို တချို့လည်း လမ်းလျှောက်ပြီးခပ်ယူနေရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အလှူရှင်တွေဘက်က ရေလာလှူတာမျိုးကို စောင့်ဆိုင်းယူရတာတွေရှိပြီး အချို့ကတော့ မြစ်ရေကိုပဲကျိုချက်ပြီး အအေးခံ သောက်ရေလုပ်နေရတယ်လို့ သိရပါတယ်။

လက်ရှိစစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော်ဟာ ဆိပ်ဖြူမြို့နယ်၊ အိုင်ကြီး၊ ဖလံမ၊ ကျွန်းချောင်းကျေးရွာက ဖြစ်ပြီး ၂၀၂၂ ဇူလိုင်လကတည်းက စစ်ကောင်စီအဖွဲ့တွေက အဆိုကျေးရွာတွေကို မီးရှို့တာ၊ လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်မှုတွေလုပ်တာကြောင့် နေရပ်ကနေ ထွက်ပြေးခဲ့ကြရတာပါ။ 

လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ တောခုတ်၊ ဝါးခုတ်လုပ်ငန်းတွေနဲ့ ဝမ်းရေးအတွက် ဖြေရှင်းနေကြပေမယ့် အဆင်မပြေသူတွေများပြီး အကူညီတွေလည်း လိုအပ်နေသေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #သောက်ရေ #အခက်တွေ့ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10