သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြေလတ်အသံရဲ့စာရင်းအရ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံ နေအိမ်ပေါင်း ၁၁၀ ကျော်မီးလောင်ပျက်စီးခဲ့ပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၁၄ ရက်အထိ စစ်ကိုင်းတိုင်းက ကန့်ဘလူ၊ မုံရွာ၊ ယင်းမာပင်၊ ဝက်လက်၊ ဒီပဲယင်းမြို့နယ်တွေနဲ့ မကွေးတိုင်းက မင်းဘူးနဲ့ ချောက်မြို့နယ်တွေမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ် ဇီးကုန်း-မလည်လမ်းဆုံရှိ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ဒီဇင်ဘာ ၃၁ ရက်ညနေပိုင်းမှာ တကြိမ်၊ ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းမှာတကြိမ် ၂ ရက်ဆက်တိုက် မီးရှို့ခဲ့ရာ နေအိမ် ၂၀ ဝန်းကျင်မီးလောင် ပျက်စီးခဲ့တယ်လို့ ကန့်ဘလူနယ်ခံတဦးက ပြောပါတယ်။
ဇန်နဝါရီ ၂ ရက်ည ၈ နာရီလောက်မှာလည်း မုံရွာမြို့ပေါ်ကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံမရွာထဲကိုဝင်ရောက်လာပြီးနောက် ည ၁၁ နာရီလောက်မှာနေအိမ်တွေကိုစတင်မီးရှို့ခဲ့ရာ နေအိမ် ၂၃ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အလားတူ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကိုင်းမြို့ တပ်မ ၃၃ လက် အောက်ခံစစ်ကြောင်းကလည်း ဇန်နဝါရီလ ၄ ရက်မှာ ဝက်လက်မြို့နယ်တောင်ပိုင်းကို ဝင်ရောက်လာပြီး အုန္နဲဘုတ်ကျေးရွာကအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၆ လုံးပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်လူ့အခွင့်အရေးတာဝန်ခံက အတည်ပြုဖြေဆိုထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နဲ့ ၁ မိုင်ခန့်အကွာက မြို့သစ်ကျေးရွာကိုလည်း အင်အား ၃၀ ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီလ ၅ ရက်မနက် ၁၀ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂ လုံး၊ စပါးနဲ့ နွားစာ သိုလှောင်အိမ် ၄ လုံးနဲ့ လယ်ယာသုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးပြီး နွား ၁ ကောင်လည်း ဒဏ်ရာရရှိခဲ့ပါတယ်လို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်အနီးက အိုးပြင်မဲရွာကိုလည်း ဇန်နဝါရီ ၁၁ ရက်မနက်ပိုင်းမှာ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးဝင်ရှို့တဲ့အတွက် နေအိမ် ၃၅ လုံး ပျက်စီးခဲ့ပါတယ်လို့ မင်းဘူးမြို့မှဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်ထဲက ပင့်သာ (တည်ပင်) ကျေးရွာကိုလည်း ဇန်နဝါရီလ ၁၁ ရက်ညနေပိုင်းမှာ အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့ပြီး အင်းမရွာနဲ့ ဖလားရရွာတို့ကိုလည်း ဇန်နဝါရီလ ၁၃ ရက်မှာမီးရှို့ ဖျက်ဆီးခဲ့ပါတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်မှ တာဝန်ရှိသူအမျိုးသမီးတဦးက ပြောပါတယ်။
အဆိုပါကျေးရွာ ၂ ရွာက မီးလောင်ပျက်စီးတဲ့အိမ်ခြေအရေအတွက်ကိုတော့ မသိရသေးပါဘူး။
အလားတူ ဇန်နဝါရီ ၁၃ ရက်မှာပဲ ဒီပဲယင်း၊ မြို့မရပ်ကွက်မှာရှိတဲ့နေအိမ် ၁ အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်းဆီးခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ လို့ Freedom Revolution Force(FRF) အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဇန်နဝါရီလ ၁၄ ရက်မနက်ပိုင်းမှာတော့ ချောက်မြို့နယ်၊ ဆည်ကန်ကျေးရွာက နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချောက်မြို့ ဒေသခံတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံတဝှမ်း အရပ်သားနေအိမ် ၁ သိန်းကျော် (၁၀၆,၄၀၉) ပျက်စီးခဲ့တယ်လို့Data for Myanmar ရဲ့၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇၃,၉၇၄ လုံးပျက်စီးဆုံးရှုံးခဲ့ပြီး တနိုင်ငံလုံးမီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ်စုစုပေါင်းရဲ့ ၆၉ ရာခိုင်နှုန်းကျော်ရှိကာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်၊ ချင်းပြည် နဲ့ တနင်္သာရီတိုင်းတို့မှာ နေအိမ်ပေါင်း ၂၉,၆၉၆ ပျက်စီးခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#နေအိမ်မီးရှို့ #စစ်ကောင်စီ #စစ်ကိုင်း #မကွေး
Share Share Share