၂ ရက်အတွင်း မိုင်း ၄ ကြိမ်ဆွဲခံရလို့ စစ်ကောင်စီဘက်က ၂ ဦးသေပြီး ထိခိုက်သူများ

၂ ရက်အတွင်း မိုင်း ၄ ကြိမ်ဆွဲခံရလို့ စစ်ကောင်စီဘက်က ၂ ဦးသေပြီး ထိခိုက်သူများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာနဲ့ စိုင်းနိုင်ကြီးကျေးရွာအကြားမှာ ၂ ရက်အတွင်း မိုင်း ၄ ကြိမ်ဆွဲခံရလို့ စစ်ကောင်စီဘက်က ၂ ဦးသေပြီး ထိခိုက်သူများတယ်လို့ Buffalo Soldiers Freedom Force အဖွဲ့ဆီက သိရပါတယ်။ 

အောက်တိုဘာလ ၁၀ ရက် ည ၁၁ နာရီခန့်မှာ ရွှေဘို လေ့ကျင့်ရေး ၈ တပ်ကနေ သံပြားကာ ကား ၃ စီးနဲ့လာတဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်အုပ်စုကို ရွှေဘို - မန္တလေးလမ်းဘေးရှိ ဇီးတောကျေးရွာအနီးမှာ တကြိမ်၊ စိုင်နိုင်ကျေးရွာ အနီးမှာတကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၁၁ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာလည်း လှတောဘက်ကနေ ရွှေဘိုဘက်ကို ပြန်လာတဲ့ အဲ့ဒီစစ်ကောင်စီတပ်တွေကိုပဲ စိုင်းနိုင်ကြီးကျေးရွာအနီးမှာ တကြိမ်၊ ဇီးတောကျေးရွာနားမှာ တကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ 

"စကစ ကားတွေက လှတောရဲစခန်းတိုက်ခံရတဲ့ သတင်းကြောင့် စစ်ကူသွားတာ။ အသွားမှာ မိုင်း အလုံး ၂၀ လောက်နဲ့ အပြန်မှာ မိုင်း ၁၈ လုံးလောက်နဲ့ ထပ်မံတိုက်ခိုက်ခဲ့တာ"လို့ Buffalo Soldiers Freedom Forceအဖွဲ့တာဝန်ခံ ဗိုလ်ကျွဲကြီးက ပြောပါတယ်။

အဆိုပါ မိုင်း ၄ ကြိမ်ဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ မျာတယ်လို့ ဒေသခံတွေပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။  

အောက်တိုဘာလ ၁၁ ရက် ဇီးတောကျေးရွာအနီး မိုင်းဆွဲပြီးနောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပေမယ့် ဒေသကာကွယ်ရေးတပ်တွေဘက်ကတော့ ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ Buffalo Soldiers Freedom Forceအဖွဲ့၊ တောကျီးကန်းအဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ 

အောက်တိုဘာလ ၄ ရက် ညပိုင်းမှာလည်း ရွှေဘိုမြို့မြို့ရှောင်လမ်း၊ သက်ကယ်တန်းချောင်းနဲ့ သံလမ်းကြားမှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီကား မိုင်းထိ ပစ်ခတ်မှုဖြစ်လို့ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 
 
#မြေလတ်အသံ
#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #တိုက်ခိုက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10