၂၀၀၈ ခြေဥနဲ့အညီ သမ္မတရာထူးလွှဲပြောင်းယူခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

၂၀၀၈ ခြေဥနဲ့အညီ သမ္မတရာထူးလွှဲပြောင်းယူခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ယာယီသမ္မတရာထူးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွှဲပြောင်းရယူမှုက ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ လုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ဇူလိုင် ၂၃ ရက်မှာ ပြောဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေငြာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ် အခြေအနေကြေညာမှုတွေနဲ့ဆက်စပ်ပြီး ဆောင်ရွက်ရင် အရေးပေါ်ကာလမပြီး မြောက်သေးတဲ့ကာလအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) မှာပါဝင်တဲ့ ပုဂ္ဂိုလ်အချို့ လစ်လပ်သွားစေကာမူ ကျန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့တာဝန်တွေကို မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။

ကာလုံအစည်းအဝေးကို ယာယီသမ္မတ မတက်ရောက်နိုင်တာဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားရင် ပုဒ်မ ၄၁၂-ခ မှာပါတဲ့ အခြေခံဥပဒေရဲ့သဘောတရားများအရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို အဓိကဆုံးဖြတ်ပေးရတဲ့ ကာလုံအစည်းအဝေးကို ဦးဆောင်ရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာလွှဲယူရမှာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာ နိုင်ငံတော်အာဏာကိုကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအနေနဲ့ ဖော်ပြဆောင်ရွက်မှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာကို ၎င်းတို့စစ်ကောင်စီနဲ့ အစိုးရအဖွဲ့တို့ကပဲ ပြုလုပ်သွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

#မြေလတ်အသံ

#ယာယီသမ္မတ #မင်းအောင်လှိုင် #ခြေဥ #၂၀၀၈ #ဥပဒေ #ဇော်မင်းထွန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10