၂၄ နာရီအတွင်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအပါ တိုင်းနဲ့ပြည်နယ် တချို့မှာ လေပြင်းတိုက်ပြီးမိုးကြီးနိုင်

၂၄ နာရီအတွင်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအပါ တိုင်းနဲ့ပြည်နယ် တချို့မှာ လေပြင်းတိုက်ပြီးမိုးကြီးနိုင်

- ရေကြီးမြေပြိုတာတွေပါ ရုတ်တရက်ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလသတိပေး 

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ကြောင့် မြန်မာနိုင်ငံထဲက စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၄ ရက် ဒီကနေ့ မနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ် အော် အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်က ၂၄ နာရီအတွင်း အနောက်အလယ်ပိုင်းကို ရွေ့လျားကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ လေဖိအားနည်းဆဲလ်ရဲ့အရှိ‌န်နဲ့ မုတ်သုံလေ အားကောင်းမှုတွေကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာတော့ နေရာအနှံ့ မိုးထစ်ချုန်းရွာကာ နေရာကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

အဲ့ဒီလို မိုးကြီးပြီးလေပြင်းတိုက်ခတ်တာတွေကြောင့် ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေဖြစ်နိုင်ပြီး ကုန်းမြင့်ပိုင်းနေထိုင်သူတွေနဲ့ မြစ်ချောင်းနား နေထိုင်သူတွေသတိပြုသင့်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။ 

 စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက နေရာတချို့မှာတော့ စက်တင်ဘာ ၂၃ ရက် မနေ့ ညပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေလဲတာ၊ ထပ်ပိုင်းကျိုးကျတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ဒီညနေ ၃ နာရီခွဲအထိတိုင်းတာချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပါပိုင်းနဲ့ အောက်ပိုင်း၊ မန္တလေးမြို့အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် တို့မှာ ဒီည ၈ နာရီကနေ မနက်ဖြန်ည ၈ နာရီအတွင်း မိုးများနိုင်တယ်လို့ သူရဲ့လူမှုကွန်ယက်စာမျက်နှာပါ အသိပေးရေးသားထားပါတယ်။ 

အဲ့ဒီထဲမှာမှ ကချင်ပြည်နယ် မြစ်ကြီးနားအောက်ပိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၉၀ မီလီမီတာ (၄ လက်မနီးပါး) ရရှိကာ မိုးအလွန်များနိုင်ပြီး ကျန်ဒေသတွေမှာတော့ မိုးရေချိန် ၃၀ မီလီမီတာအထက် (၁.၁၈ လက်မအထက်) မိုးရွာနိုင်တယ်လို့ ဆိုထားပါတယ်။ 

ပဲခူးတိုင်းအတွင်းမှာလည်း လက်ရှိစစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ်ထပ် ကျော်လွန်နေပြီး ပဲခူးမြစ်ရေကလည်း ၃၆ နာရီအတွင်း ပဲခူးမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ပဲခူး #မိုးလေဝသ #မိုးကြီးလေပြင်းတိုက် #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10