၃ နှစ်ကျော်ကာလအတွင်း တောကျီးကန်း ၇ ကောင်တပ်ရင်းက ရဲဘော် ၂ ဦး ပထမဆုံးအကြိမ်ကျဆုံး (ရုပ်/သံ)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့ တောကျီးကန်း ၇ ကောင်တပ်ရင်းက ရဲဘော် ၂ ဦးဟာ ပထမဆုံးအကြိမ် ကျဆုံးခဲ့တယ်လို့ တပ်ရင်းပြန်ကြားရေး ဒုတာဝန်ခံဆီက သိရပါတယ်။

တောကျီးကန်း ၇ ကောင်တပ်ရင်းဟာ ၂၀၂၃ မတ်လလောက်က တော်လှန်ရေးရဲဘော်တွေနဲ့ စုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာလလောက်ကစကာ ညောင်လေးပင်ဒေသတဝိုက်မှာ စစ်ရေးလှုပ်ရှားခဲ့တာလို့ ဆိုပါတယ်။

တပ်ရင်းဖွဲ့စည်းတဲ့အချိန်ကနေ ယနေ့အချိန်ထိ စစ်ကောင်စီအဖွဲ့တွေနဲ့ ပေါင်းတိုက်ပွဲပေါင်း အကြိမ် ၄၀ ထက်မနည်း တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦးကျဆုံး၊ ဒဏ်ရာရ ၂၂ ဦးနဲ့ ခြေလက်ဆုံးရှုံးသူ ၃ ဦးရှိခဲ့ကာ စစ်ကောင်စီအဖွဲ့ဝင် ၂၀၀ နီးပါး သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၇ ရက် ည ၁၁ နာရီခန့်မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ချိန်မှာ တိုက်ပွဲချိန် ၂ နာရီကျော်ကြာမြင့်ခဲ့ပြီးနောက် တပ်ရင်းအတွက်အားကိုးရတဲ့ အသက် ၃၁ နှစ်အရွယ် ရဲဘော်အရှည်ကြီးနဲ့ အသက် ၂၅ နှစ်အရွယ် ရဲဘော် ရဲမာန် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေရဲ့အလောင်းတွေကိုတော့ တိုက်ပွဲဖြစ်နေတဲ့ကြားကနေ ရအောင်ပြန်လည်ဆွဲထုတ်နိုင်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်မှာ ပဲခူးတိုင်းအရှေ့ခြမ်းရှိ စစ်ဒေသခွဲရဲ့နေရာတနေရာမှာ ရဲဘော် ၂ ဦးရဲ့စျာပနကို စစ်အခမ်းအနားနဲ့ သေချာပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ရဲဘော် ၂ ဦးဟာ တပ်ရင်းအတွက် စစ်ရေးမှာလည်း ရှေ့ကနေ အားကြိုးမာန်တက် လှုပ်ရှားတတ်သလို တပ်ရင်းအခြေစိုက်ဒေသမှာ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေမှာလည်း အားတက်သရော ဆောင်ရွက်တတ်သူတွေဖြစ်တာကြောင့် ခုလိုကျဆုံးခဲ့တဲ့အပေါ် တပ်ရင်းအတွက်၊ တော်လှန်ရေးအတွက်များစွာနစ်နာရတယ်လို့လည်း တပ်ရင်းက ဆိုပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ညောင်လေးပင် #တောကျီးကန်း၇ကောင်တပ်ရင်း #ရဲဘော် #ကျဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10