သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာရှိတဲ့ ကျောင်းသားအများစုဟာ ပညာသင်ကြားခွင့်ရဖို့ ၃ မိုင်ကျော်ခရီးကို နေ့စဥ် လမ်းလျှောက်ပြီး သွားနေကြရပါတယ်။
မနက် ၉ နာရီကနေ ညနေ ၃ နာရီက ပုံမှန်ကျောင်းတက်၊ ကျောင်းဆင်းချိန်ဖြစ်ပေမယ့် ပြည်သူ့အခြေပြု ပညာသင်ကျောင်းတွေမှာတော့ ဆရာ၊ ဆရာမတွေရဲ့ လုပ်ငန်းခွင်ပေါ်မူတည်ပြီး အချိန်သတ်မှတ်ရတာကြောင့် စာသင်ချိန်ပုံမှန်မရှိဘဲ သီးနှံစိုက်ပျိုးချိန်ကိုညှိနှိုင်းပြီး ကျောင်းတက်ရတာလို့ ဆိုပါတယ်။
ဆရာ၊ ဆရာမတွေအနေနဲ့ကလည်း စားဝတ်နေရေးအတွက် မနက်ပိုင်းမှာ ကောက်စိုက်၊ ပျိုးနှုတ်၊ လယ်ထွန်၊ စပါးရိတ် စတဲ့လုပ်ငန်းတွေ လုပ်ကိုင်ရတာကြောင့် နေ့လယ်ပိုင်းတွေမှာသာ စာသင်နိုင်သလို စပါးသိမ်းချိန်ဆိုရင်တော့ မနက်ပိုင်းတွေမှာ စာသင်ပေးပြီး နေ့လယ်ပိုင်းမှာ အလုပ်လုပ်ကြတယ်လို့ သိရပါတယ်။
“ဆရာမတွေရဲ့ စားဝတ်နေရေးက နေ့တပိုင်း အလုပ်လုပ်ရတယ်၊ ကလေးတွေကိုက နေ့တပိုင်းပဲ စာသင်ပေးနိုင်တယ်၊ အဲလိုဆိုတဲ့အခါကျတော့ တချို့ကျောင်းတွေဆို မနက်ပိုင်းမှာ စာသင်တယ်၊ နေ့ခင်းပိုင်း မသင်နိုင်ဘူး။ အဲလိုကျတော့ ၁၁ ၊ ၁၂ နေပူပူကြီးနဲ့ ပြန်ရတယ်။ ဒီလိုအခြေနေတွေလည်း ရှိပါတယ်။” လို့ ထီးလင်းမြို့နယ် ပညာရေးတာဝန်ခံ ဦးနေသူရိန်က ပြောပါတယ်။
ပြည်သူ့အခြေပြုစာသင်ကျောင်း ၈၀ ကျော်ရှိတဲ့အထဲက ကျောင်း ၅၀ ကျော်က G9 ကနေ G12 ထိ ကျောင်းသားအများစုဟာ ၃ မိုင်ကျော်ခရီးကို ခြေလျင်လျှောက်ရတာဖြစ်ပြီး စက်ဘီး ၁ စီးကို ၅ သိန်းခန့် ဈေးပေါက်တာကြောင့် ကျောင်းသားအများစုက စက်ဘီး မဝယ်နိုင်တာ၊ ဆိုင်ကယ်ရှိပေမယ့် နေ့စဥ်ကျောင်းသွား ကျောင်းပြန် ဆီဖိုး မတတ်နိုင်ကြတာတွေကြောင့် ခြေလျင်သာ ကျောင်းသွားကြရပါတယ်။
အခုလက်ရှိ ထီးလင်းမြို့နယ် ပညာရေးက CDM ဆရာ၊ ဆရာမ အနည်းစု၊ ပညာဒါန သင်ကြားပေးတဲ့ ဆရာ၊ ဆရာမ အများစုနဲ့ ပူးပေါင်းအကောင်ထည်ဖော်နေကြတာဖြစ်ပြီး နီးစပ်ရာဒေသတွေမှာ ကျောင်းတွေ ဖွင့်လှစ်ပေးဖို့ကလည်း ဆရာ၊ ဆရာမ အင်အား မလုံလောက်သလို သူတို့ရဲ့ စားဝတ်နေရေးအတွက် လုံလောက်တဲ့ ထောက်ပံ့မှု မပေးနိုင်တာတွေကြောင့် မဖွင့်လှစ်နိုင်ဘူးလို့ ဦးနေသူရိန်က ပြောပြပါတယ်။
နယ်မြေမှာ စစ်ကြောင်းထိုးတာတွေ၊ လေကြောင်းအန္တရာယ်တွေရှိရင်တော့ ကျောင်းတွေ ပိတ်ထားတာ၊ တောတောင်တွေထဲမှာ ပြောင်းရွေ့ ဖွင့်လှစ်တာတွေလုပ်ပြီး တောတောင်တွေထဲမှာ ပညာသင်ကြားချိန် မြွေပါးကင်းပါး အန္တရာယ်တွေလည်းရှိတယ်လို့ အထက်တန်းတက်နေတဲ့ ကျောင်းသူ မိဘတဦးက ဆိုပါတယ်။
“ကျနော့် သမီးတောင် ဟိုနေ့က ကျောင်းသွားတာ တောထဲမှာဆိုတော့၊ တခါထဲ ကျောင်းထဲကို အမြန်ကြီးဝင်တယ်ဆိုတော့ မြွေကို ကိုင်မိတာ၊ မြွေက လက်ကောက်ဝတ်လောက်ရှိတာတဲ့၊ တောထဲမှာဆိုတော့ မြွေတွေရော ရှိတာ၊ အန္တရာယ်ကြားထဲမှာ သင်နေရတာ။” လို့ သူက ပြောပါတယ်။
လမ်းခရီးအခက်အခဲနဲ့ ငွေကြေးအခက်အခဲတွေကြောင့် ကျောင်းဆက်မတက်တော့တဲ့ ကျောင်းသားတွေ၊ စစ်ဘေး ရှောင်ရချိန် စားဝတ်နေရေးကို ဦးစားပေးဖြေရှင်းနေရတာကြောင့် ကျောင်းမတက်နိုင်တော့တဲ့ ကျောင်းသားတွေလည်း ရှိနေပါတယ်။
“ရွာလုံးကျွတ်မီးလောင်သွားတဲ့ဟာကျ နေစရာ မရှိဘူး၊ နောက် စစ်ဘေးရှောင်အနေထားနဲ့ တောထဲမှာနေရတော့ ဝမ်းရေးအတွက် အလုပ်လုပ်ကြရတယ်၊ အဲ့လိုဆိုတဲ့အခါကျတော့ အဲ့လိုမျိုး စားဝတ်နေရေးအဆင်မပြေလို့၊ မီးဘေး၊ စစ်ဘေး၊ ရေဘေးဒဏ်သင့်လို့ ဝမ်းရေးအတွက် အလုပ်လုပ်ပြီးတော့နေရတဲ့ကျောင်းသားတွေလည်း ဒီကာလမှာတော့ ရှိတယ်။” လို့ ထီးလင်းမြို့နယ် ပညာရေးတာဝန်ခံဦးနေသူရိန်က ပြောပါတယ်။
ထီးလင်းမြို့နယ်မှာ အာဏာမသိမ်းခင်ကာလထဲက ၃ မိုင်ကျော်ခရီးကို ခြေလျင်လျှောက်ပြီး တက်ရတဲ့ ကျေးရွာတွေရှိပေမယ့် ကျောင်းအနီးအနားမှာ ဘော်ဒါဆောင်နေတာ၊ အိမ်ငှားနေတာတွေရှိတာကြောင့် ခြေလျင်သွားရတဲ့ ကျောင်းသားအရေအတွက် နည်းပါးပြီး အခုကာလမှာတော့ ပြည်သူ့အခြေပြုကျောင်းကိုသာ အားထားရတာကြောင့် ခြေလျင်သွားရတဲ့ ကျောင်းသားဦးရေ တိုးလာတယ်လို့ သိရပါတယ်။
စာသင်ကျောင်း ၁ ခုမှာတော့ ပြီးခဲ့တဲ့ ၂၀၂၄ က နိုင်ငံခြားက အလှူရှင်တယောက်ရဲ့ အကူအညီနဲ့ ခြေလျင်လာရသူတွေထဲက စီးပွားရေးအဆင်မပြေတဲ့ ကျောင်းသားတွေ၊ ရွာဝေးလွန်းတဲ့ ကျောင်းသားတွေကို စက်ဘီး ၁ စီးဆီ လှူတာကြောင့် အထိုက်အလျောက် အဆင်ပြေခဲ့ပေမယ့် ခြေလျင်ကျောင်းတက်နေရတဲ့ ကျောင်းသားတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
နိုင်ငံရေးအခြေအနေတွေဆိုးနေပေမယ့် သားသမီးတွေကို ပညာတတ်အောင် အခက်အခဲတွေကြားကနေပဲ ကျောင်းဆက်ထားဦးမှာလို့ အဲ့ဒီကျောင်းသားမိဘက ဆက်ပြောပါတယ်။
“ဘဝကတော့ နိုင်ငံရေးကြားထဲမှာတော့ သွားရမှာပဲ၊ ပညာသင်တာကို၊ ကိုယ်စွမ်းသလောက် တတ်နိုင်သလောက်၊ မတတ်နိုင်ဦးတောင်မှ သားသမီးတွေရဲ့ ပညာကလည်း တက်ထားသင့်တယ်လို့ပေါ့၊ ဒီက နိုင်ငံရေး ဆိုးပေမယ့်။”လို့ သူကဆိုပါတယ်။
သတင်း - ချယ်ရီ၊ Razor၊ တည်းဖြတ် - HP
#မြေလတ်အသံ
#ထီးလင်း #ပညာရေး #လမ်းလျှောက် #ပြည်သူ့အခြေပြု
Share Share Share