၃ ရက်ဆက်တိုက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါ ၁ ဒါဇင်ကျော် သေဆုံး     ■ သုံ့ပန်း ၁ ဦး၊ သေနတ် ၅ လက်နဲ့ ခဲယမ်းတချို့သိမ်းဆည်းရမိ

၃ ရက်ဆက်တိုက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါ ၁ ဒါဇင်ကျော် သေဆုံး  ■ သုံ့ပန်း ၁ ဦး၊ သေနတ် ၅ လက်နဲ့ ခဲယမ်းတချို့သိမ်းဆည်းရမိ

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်နဲ့ ထီးလင်းမြို့နယ်မှာ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် ၁ ဒါဇင်ကျော် သေဆုံးကာ လက်နက်တွေလည်းရခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် မွန်လွဲ ၂ နာရီခွဲမှာ ကျောက်ထုအမြောက်တပ် အမတ ၃၆၈ က ထွက်လာတဲ့ အင်အား ၃၀ ကျော်ပါစစ်ကြောင်းနဲ့  ကာကွယ်ရေးတပ်တွေဟာ အမြောက်တပ်နဲ့ ၁ ကီလိုမီတာအကွာမှာ ၁ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂ ဖက် ကျဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၇ ရက် မနက် ၉ နာရီဝန်းကျင်မှာလည်း ကျောက်ထုအမြောက်တပ်ကနေ အင်အားထပ်တိုးပြီး ကာကွယ်ရေးတပ်တွေရှိရာကို ထိုးစစ်ဆင်လာတာကြောင့် ၁ ရက်နီးပါးကြာအောင် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား အလောင်း ၂ လောင်း၊ MA 1 ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

“စကစရဲ့ ရည်ရွယ်ချက်ကတော့ ကျောက်ထုမြို့သိမ်းမယ်သတင်းတွေထွက်နေတော့ သူတို့က နယ်မြေ လုံခြုံရေးအင်အားပြ စစ်ကြောင်းထွက်တဲ့သဘောမှာ ကျနော်တို့ ယောတပ်တော်(YA) ရဲ့လှုပ်ရှားစစ်ကြောင်းနဲ့ တိုးတာပါ။ လေကြောင်းကတော့ အကြိမ်ရေများများ လာရောက်ပစ်ကူတာ ရှိပါတယ်။ Mi 35၊ ဂျက်ဖိုက်တာပေါ့။” လို့ ယောတပ်တော်ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက် ၇ နာရီခွဲမှာတော့ တပ်မ ၇၇ နဲ့ တပ်ရင်း ၁၀၇ ပူးပေါင်းအင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းက ထီးလင်းမြို့၊ ရွှေထီးခန်းမကနေ ကျေးရွာတွေဘက် ထွက်လာချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၆ နာရီကြာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၁ ဦး အရှင်ဖမ်းမိကာ စစ်သားအလောင်း ၈ လောင်း၊ ကာဘိုင် ၂ လက်၊ MA ၁ လက်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေရခဲ့ပြီး နောက်ဆက်တွဲသတင်းတွေအရ ဒဏ်ရာရတပ်သားတွေထဲက ၅ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

“စကစဘက်က စုစုပေါင်း တိကျတဲ့သတင်းအရတော့ ၂၄ ယောက်သေတယ်ဗျ။ ရရှိတဲ့ အလောင်းက ၈ လောင်း ရတယ်။ ဒီထက် ကျဆုံးတာတွေ ထိခိုက်ပြင်းထန်တွေနဲ့ ပျောက်ဆုံးနေတာတွေလည်း ရှိသေးတယ်လို့သိရပါတယ်။ စကစထဲက အရာရှိအဆင့် စစ်ကြောင်းမှူး ၁ ယောက်လည်း ကျတဲ့ထဲပါတယ်။”လို့ သူက ဆက်ပြောပါတယ်။

သေဆုံးအလောင်း ၈ လောင်းထဲမှာ ဗိုလ်ကြီးပါဝင်ပြီး သေဆုံးသူတွေအတွက် စစ်ကောင်စီရဲ့သက်ဆိုင်ရာ နယ်မြေတွေမှာ သံဃာတွေပင့်ဖိတ် ဆွမ်းကပ်တာတွေ လုပ်နေကြပေမယ့် အလောင်းတွေ အကုန်လုံးကတော့ ဒီကနေ့ထိ မကောက်ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“ဗိုလ်ညောင်ဦးလို့ပဲ နာမည်ပြောင်ခေါ်ကြတာ၊ နာရေးတရားနာတောင် ပြုလုပ်ပြီးပါပြီ။ (အလောင်းက) မကောက်တော့တာတဲ့၊ မကောက်ရဲဘူး။” လို့ သူက ဆက်ပြောပါတယ်။ 

၃ ရက်တာ တိုက်ပွဲအတွင်း ယောတပ်တော်က ရဲဘော် ၁ ဦး၊ ခရိုင်တပ်ရင်းတခုက ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး အဆိုပါတိုက်ပွဲတွေကို ယောတပ်တော်-YA၊ နယ်မြေခံ ခရိုင်တပ်ရင်းတွေနဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းလုပ် ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၂၀ ရက်ကလည်း ထီးလင်းမြို့ကထွက်လာတဲ့ အင်အား ၈၀ ကျော်ပါ စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တွေ ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာကာ အထမ်း ၄ ထမ်းနဲ့ မြို့ထဲကို ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် သုံ့ပန်းနှင့် သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါခရိုင် #ကျောက်ထုမြို့ #ထီးလင်းမြို့ #စစ်ကောင်စီ #စစ်ကြောင်းမှူး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10