၃ ရက်အတွင်းဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ကြောင့် မြေလတ်ဒေသအပါအဝင် ဒေသအများစုမှာ မိုးကြီးနိုင်

၃ ရက်အတွင်းဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ကြောင့် မြေလတ်ဒေသအပါအဝင် ဒေသအများစုမှာ မိုးကြီးနိုင်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်က ၃ ရက်အတွင်း မုန်တိုင်းငယ် အဖြစ်ကို ရောက်ရှိလာနိုင်ပြီး မြေလတ်ဒေသအပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးကြီးကာ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၀ ရက် ဒီကနေ့ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်က ၂၁ ရက်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိကာ ၂၃ ရက်မှာတော့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ လေဖိအားနည်းဆဲလ်နဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ဒီနေ့ကနေ ၄ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးတာတွေ လေပြင်းတိုက်ခတ်တာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။

မိုးလေဝသ လေ့လာသူ ၁ ဦးဖြစ်တဲ့ ဦးဝင်းနိုင်ကလည်း အောက်တိုဘာ ၂၀ ရက် ည ၇ နာရီကနေ အောက်တိုဘာ ၂၁ ရက် ည ၇ နာရီအတွင်း ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ မိုးရေချိန် ၂.၃၆ လက်မ ရွာသွန်းပြီး မိုးများနိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် မိုးလေဝသလေ့လာသူ ၁ ဦးဖြစ်တဲ့ မစုစုစံကလည်း ၂၄ နာရီအတွင်း ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်တို့မှာ မိုးရွာသွန်းပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အနောက်ပိုင်းဒေသတွေမှာ မိုးကြီးရေလျှံနိုင်တယ်လို့ ဒီကနေ့မနက် ၈ နာရီက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

မိုးရွာသွန်းချိန်ရုတ်တရက် လျှပ်တပြတ်ရေကြီးပြီးမြေပြိုတာတွေ ဖြစ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသမှာ နေထိုင်သူတွေနဲ့ မြစ်ချောင်းအနီး နေထိုင်ကြသူတွေ ကြိုတင်သတိပြုရှောင်ရှားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မိုးလေဝသ #မြေလတ်ဒေသ #မုန်တိုင်းငယ် #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10