၃၆ နှစ်ပြည့်နှစ်ပတ်လည်နဲ့ တောက်ပနေဆဲ ၈၈၈၈

၃၆ နှစ်ပြည့်နှစ်ပတ်လည်နဲ့ တောက်ပနေဆဲ ၈၈၈၈

မြန်မာနိုင်ငံရဲ့ အာဏာရှင်ဖီဆန်ရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သမိုင်းတလျှောက်ကို ပြန်ကြည့်ရင် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ကြီးမားတဲ့သမိုင်းမှတ်တိုင်ကြီးတခုပါ။

ရှစ်လေးလုံးမတိုင်ခင်က အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု အရေးအခင်းတွေ အများအပြားရှိခဲ့တယ်။ ရှစ်လေးလုံး အလွန်မှာလည်း ရွှေဝါရောင်တော်လှန်ရေးအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ ရှိခဲ့တယ်။ သူ့တန်ဖိုးနဲ့သူ ရှိကြတယ်။ ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးလောက် အရှိန်အဝါ မကြီးဘူး၊ ဩဇာ မရှိဘူး။

အခု ၃၆ နှစ်ပြည့်တဲ့ ဒီနေ့ထိတိုင် “ ရှစ်ဆယ့်ရှစ် “ လို့ ဆိုလိုက်ရင်၊ “ ရှစ်ဆယ့်ရှစ် ကျောင်းသား” လို့ ပြောလိုက် ရင်၊ “ ရှစ်ဆယ့်ရှစ် တုန်းက ” လို့ မိတ်ဆက်လိုက်ရင် တန်ဖိုးတခုက ရှိနေတုန်း။ ၈၈ ဆိုတဲ့စကားလုံးဟာ လတ် ဆတ်နေတုန်းပဲ။

နေဝင်း၊ စိန်လွင်၊ စောမောင်၊ မဆလဆိုတဲ့ စကားလုံးတွေဟာ သမိုင်းတခုလို ကျန်ရစ်ခဲ့ပေမယ့် ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့အရှိန်ကတော့ ဒီနေ့အထိ ခရီးဆက်ရှိနေတုန်း။ စစ်အာဏာရှင်တော်လှန်းရေးနဲ့ ဒီမိုကရေစီရရှိရေး ခရီးရှည်ကြီးရဲ့ အောင်တံခွန်ကြီးလို ဆက်လက်ချီတက်နေတုန်း၊ လမ်းပြနေတုန်း။

ရှစ်ဆယ့်ရှစ်ကာလတုန်းက အင်တာနက်ကွန်ရက်တွေရှိ မနေဘူး၊ ဖုန်းဆက်သွယ်ရေးတွေ မတွင်ကျယ်ဘူး၊ ကမ္ဘာကြီးဟာ ရွာကြီးတစ်ခုလိုဖြစ်မနေသေးဘူး။ ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ နှစ်ပေါင်း ၂၆ နှစ်ကြာသက်ဆိုးရှည် အာဏာရှင်နေဝင်းကို ဖြုတ်ချနိုင်ခဲ့တယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ် အာဏာရှင်ဖီဆန် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအတွက် လမ်းပြနိုင်ခဲ့တယ်။

တိုင်းပြည်ကို အဆင်းရဲဆုံးနိုင်ငံ၊ လူမွဲနိုင်ငံဖြစ်စေခဲ့တဲ့ စစ်အာဏာရှင်နေဝင်းနဲ့ အပေါင်းအပါတွေကို ရှစ်လေးလုံး အရေးတော်ပုံကြီးက အောင်မြင်စွာဖြုတ်ချနိုင်ခဲ့ပေမယ့် သန္ဓေပျက်တဲ့စစ်သားတသိုက်က တိုင်းပြည်အာဏာကို သိမ်းခဲ့တယ်။

သန်းရွှေဦးဆောင်တဲ့ ဒီစစ်အာဏာရှင်တွေကိုလည်း ရှစ်ဆယ့်ရှစ်မျိုးဆက်တွေက ဆက်ပြီးဆန့်ကျင်တော်လှန်ခဲ့ကြတယ်၊ သူပုန်ထခဲ့ကြတယ်။ ဒါကြောင့် အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ရှစ်ဆယ့်ရှစ်ဟာ သင်ရိုးလည်းဖြစ်သလို သူကိုယ်တိုင်လည်း တော်လှန်တယ်။

စစ်ခေါင်းဆောင်သန်းရွှေဟာ နှစ်ပေါင်း ၂၀ ကြာ တိုင်းပြည်အာဏာကို တရားမဝင်ယူခဲ့တယ်။ နောက်ဆုံးတော့ အဓမ္မသမားတွေဟာ တရားဓမ္မကို မလွန်ဆန်နိုင်တဲ့အခါ အာဏာကိုလက်လွှတ်ဖို့ ကြိုးစားရတယ်။ ပြည်သူ့အာဏာကို ပြည်သူထံပြန်ပေးဖို့ အားထုတ်ရတယ်။

ဒါဟာ စစ်အာဏရှင်တွေ သဘောထားကောင်းလို့ မဟုတ်ဘူး၊ တော်လှန်ရေးသမားတွေ မဆုတ်မနစ် အားထုတ်ထားကြလို့။ ဒီမိုကရေစီကို လိုလားတောင့်တခဲ့ကြတဲ့ တော်လှန်ရေးသမားတွေရဲ့ အသက်တွေ၊ ဘဝတွေ ပုံအပ်ခဲ့ကြလို့။

ပြီးတော့ ဆက်သွယ်ရေးနဲ့ နည်းပညာခေတ်၊ အင်တာနက်အိုင်တီခေတ်၊ ကမ္ဘာကြီးဟာ ရွာကြီးတခုလိုဖြစ်လာ တဲ့ခေတ်၊ ဒီလို တိုးတက်လာတဲ့ကမ္ဘာကြီးမှာ မတရားမှု၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေဟာ ဖုံးကွယ်လို့ မရတော့ဘူး၊ အာဏာရှင်လူမိုက်တွေအတွက် နေရာမရှိတော့ဘူး။

မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ အာဏာရှင်ကို အဖြူနဲ့အမဲလို၊ အလင်းနဲ့အမှောင်လို ကွဲကွဲပြားပြားမြင် တတ်သွားကြပြီ။ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားတတ်ကြပြီ။ အဝေးဆုံးကို လွတ်လပ်စွာပျံသန်းဖို့ အားယူ နေကြပြီ။ ကမ္ဘာကြီးကိုရင်ပေါင်တန်းဖို့ အားထုတ်နေကြပြီ။

ဒါပေမဲ့ အာဏာကိုရူးမူးနေတဲ့ မင်းအောင်လှိုင်က ဆင်ခြင်တုံတရားမဲ့ခဲ့တယ်။ အသိဥာဏ်တွေ စုံလုံးကန်းခဲ့တယ်။ မိုက်တွင်းနက်ခဲ့တယ်။ တဆုံးထိ မိုက်ခဲ့တယ်။

အခုလို ဆိတ်ကွယ်ရာမရှိတဲ့ သတင်းအချက်အလက်နည်းပညာခေတ်ကြီးမှာ မင်းအောင်လှိုင်ရဲ့ မတရားအာဏာသိမ်းတဲ့လုပ်ရပ်ဟာ ပြန်လမ်းမဲ့ပဲ။ ဆွဲမိထားတဲ့ ကျားမြီးပဲ။ အာဏာရှင်သန်းရွှေလို ပေါက်ထွက် မရှိဘူး။

အာဏာရှင်သန်းရွှေလက်ထက်က မိုက်တွင်းနက် ဆိုးသွမ်းရက်စက်ခဲ့တာတွေက အထောက်အထားမရှိခဲ့ပေမယ့် အခု မင်းအောင်လှိုင်ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေဟာ အထောက်အထား တောင်ပုံရာပုံ။ မင်းအောင်လှိုင်အတွက် ဖြေဆေးမရှိဘူး၊ သေဘေးပဲရှိတော့တယ်။ မင်းအောင်လှိုင်ရဲ့ အဖြစ်က သေလူနဲ့ မထူးတော့ဘူး။

ဉာဏ်ကန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဒီအခြေကိုဆိုက်ဖို့ ရှစ်လေးလုံးရဲ့ ဩဇာနဲ့ အရှိန်အဝါ မကင်းဘူးဆိုတာ နိုင်ငံတဝှမ်းမှာ ဒီနေ့ကျင်းပနေကြတဲ့ ၃၆ နှစ်ပြည့် ရှစ်လေးလုံးနှစ်ပတ်လည်လှုပ်ရှားမှုတွေက သက်သေခံနေတယ်။

အကယ်၍ မင်းအောင်လှိုင်နိဂုံးချုပ်လို့ တခန်းရပ်ခဲ့မယ်ဆိုရင်တောင် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ နှစ်ပတ်လည်တွေဟာ ခရီးဆက်ချီတက်နေဦးမယ်။ ခေါင်းထောင်လာမယ့် အာဏာရှင်တွေကို ဆက်လက် ပုန်ကန်နေဦးမယ်။ အလှပဆုံးသမိုင်းကြီးကို ဆက်လက်ရေးထိုးနေဦးမယ်။

ဒါကြောင့် ဒီနေ့ကျရောက်တဲ့ ၃၆ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ နှစ်ပတ်လည် ရက်မြတ်မင်္ဂလာနေ့မှာ တော်လှန်ရေးကာလရှည်ကြီးတလျှောက် အသက်တွေပေးခဲ့ကြတဲ့ ဒီမိုကရေစီသူရဲကောင်းတွေနဲ့အတူ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးကို ဦးညွတ်အလေးပြု ဂုဏ်ပြုလိုက်ပါတယ်။

 
#မြေလတ်အသံ

#အတွေးအမြင် #ရှစ်လေးလုံး #လူထုအရေးတော်ပုံ #၃၆နှစ်ပြည့် #အာဏာရှင်ဆန့်ကျင်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10