၄ မွှာပူးကလေးမှာ အသက်ရှင်တဲ့ ကလေး ၂ ဦးအနက် ၁ ဦးထပ်မံသေဆုံး

၄ မွှာပူးကလေးမှာ အသက်ရှင်တဲ့ ကလေး ၂ ဦးအနက် ၁ ဦးထပ်မံသေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လမ်းကူးကျေးရွာမှာ ၄ မွှာပူးကလေးကို အရပ်လက်သည်နဲ့မွေးဖွားချိန် မိခင်နဲ့ကလေး ၂ ဦးသေဆုံးသွားပြီး အသက်ရှင်ကျန်ရစ်တဲ့ ကလေး ၂ ဦးထဲက ၁ ဦးထပ်မံသေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့ကလေးငယ် ၂ ဦးဟာ ရန်ကုန်မြို့၊ ရန်ကင်းကလေးအထူးကုဆေးရုံမှာ ဆေးကုမှုခံယူနေစဥ် ဧပြီ ၉ ရက် ညမှာ ၁ ဦးထပ်မံသေဆုံးသွားတယ်လို့ဆိုပါတယ်။

"မွေးကတည်းက စနစ်တကျ မွေးဖွားခွင့်မရခဲ့လို့ ဆေးရုံဘက်ကနေ အကောင်းဆုံးကုသမှုတွေပေးခဲ့ပေမယ့် ဆေးရုံရောက်ပြီး ၈ ရက်အကြာမှာ တယောက်ထပ်ဆုံးသွားတယ်။ ဆေးရုံရောက်ကတည်းက ကလေးတွေကို အထူးကြပ်မတ်ကုသဆောင်မှာထားပြီး ဆေးကုသနေတာ"လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

မွေးဖွားလာတဲ့ ၄ မွှာပူးကလေးတွေအနက် ၁ ဦးသာအသက်ရှင်ကျန်ရစ်ပြီး အခြေအနေကောင်းတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ကလေးငယ်ရဲ့အလောင်းကိုတော့ မိသားစုဝင်တွေရဲ့ ဆန္ဒအရ ရန်ကုန်မှာပဲ နာရေးလုပ်ခဲ့ကြရတယ်လို့ သိရပါတယ်။

မတ် ၂၉ ရက်မှာ လမ်းကူးကျေးရွာနေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးဟာ ၄ မွှားပူးကလေးငယ်ကို အရပ်လက်သည်နဲ့မွေးဖွားစဥ်မှာ ကလေးငယ် ၃ ဦးကို မွေးဖွားပြီးချိန် ဝမ်းဗိုက်ထဲကျန်ရှိကလေးငယ် ၁ ဦးကို ဆက်လက်မွေးစဥ်မှာ မမွေးနိုင်တော့ဘဲ ကလေးငယ်ရော မိခင်ပါ သေဆုံးသွားခဲ့ပါတယ်။

မွေးဖွားပြီးတဲ့ ကလေးငယ် ၃ ဦးအနက် နောက်ထပ် ၁ ဦးဟာလည်း မတ် ၃၁ ရက်မှာ ထပ်မံသေဆုံးသွားခဲ့တာလို့ သိရပါတယ်။

အက်တရာဆောင်းမရိုက်ထားလို့ ကလေး ၄ မွှာပူးရှိနေမှန်းမသိတာ၊ ငွေကြေးမပြည်စုံလို့ ဆေးရုံဆေးခန်း မပြနိုင်တာ၊ တိုက်ပွဲတွေကြောင့် မကြာခဏ စစ်ဘေးရှောင်နေရတာနဲ့ ဆေးရုံဆေးခန်းမှာ မီးဖွားနိုင်ခြင်းမရှိတာတွေကြောင့် ကလေးငယ်တွေနဲ့မိခင်ဖြစ်သူ သေဆုံးခဲ့ရတာလို့ မိသာစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့ ကလေး ၂ ဦးဟာ မိန်းကလေးတွေဖြစ်ပြီး မွေးဖွားချိန် ပေါင်ချိန် ၂ ပေါင်ခန့်သာရှိတယ်လို့ သိရပါတယ်။

ဧပြီ ၁ ရက်မှာတော့ ဒေသလူမှုကူညီရေးအသင်းအဖွဲ့တွေက အသက်ရှင်ကျန်ရစ်တဲ့ကလေးငယ် ၂ ဦးကို ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံကို ပို့ဆောင်ပေးထားပြီး ဆေးကုသစောင့်ရှောက်ထားရာက အခုလို နောက်ထပ် ကလေး ၁ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ မိသားစုမှာ ထပ်မံမွေးလာတဲ့ အမွှာကလေးတွေအပြင် ယခင်ကမွေးထားတဲ့ အသက် ၇ နှစ်၊ ၅ နှစ်နဲ့ ၂ နှစ်အရွယ် ကလေး ၃ ဦးလည်းရှိနေသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ကရင်ပြည်နယ် #သံတောင်ကြီးမြို့နယ် #လမ်းကူးကျေးရွာ #၄မွှာပူးကလေး #ကလေး #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10