၄ မွှာပူးကို မွေးဖွားချိန် မိခင်နဲ့ ကလေး ၂ ဦးသေဆုံး၊ ကျန်ရစ်တဲ့ကလေး ၂ ဦးအတွက် အကူအညီလိုအပ်နေ

၄ မွှာပူးကို မွေးဖွားချိန် မိခင်နဲ့ ကလေး ၂ ဦးသေဆုံး၊ ကျန်ရစ်တဲ့ကလေး ၂ ဦးအတွက် အကူအညီလိုအပ်နေ

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်၊ လမ်းကူးကျေးရွာမှာ ၄ မွှာပူးကလေးကို  မွေးဖွားချိန် မိခင်နဲ့ ကလေး ၂ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၂၉ ရက်မှာ လမ်းကူးကျေးရွာနေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးဟာ ၄ မွှားပူးကိုယ်ဝန်ကို မွေးဖွားစဥ်မှာ ကလေးငယ် ၃ ဦးကို မွေးဖွားပြီးနောက် ဝမ်းဗိုက်ထဲကျန်ရှိကလေးငယ်တဦးကို ဆက်လက်မွေးဖွားချိန်မှာ မမွေးနိုင်တော့ဘဲ ကလေးငယ်ရော မိခင်ပါ သေဆုံးသွားခဲ့ပါတယ်။

မွေးဖွားပြီးတဲ့ကလေးငယ် ၃ ဦးအနက် နောက်ထပ်တဦးဟာလည်း မတ် ၃၁ ရက်မှာ ထပ်မံသေဆုံးသွားခဲ့တာလို့ သိရပါတယ်။

"ပထမ ၃ ယောက်ကို မွေးပြီးမှ နောက်ဆုံးတယောက်ကျန်ချိန် မိခင်က အားကုန်သွားပြီး မညှစ်နိုင်တော့လို့ ကလေးရော၊ မိခင်ပါ ဆုံးသွားတယ်။ နောက်တရက်မှာ နောက် ကလေးတယောက်ထပ်ဆုံးတယ်။ နှစ်ယောက် ကျန်တာပေါ့" လို့ ဒေသခံတဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်သည်မိသားစုဟာ ငွေကြေးမပြည့်စုံသလို တိုက်ပွဲတွေကြောင့် မကြာခဏစစ်ဘေးရှောင်ရတာမျိုး တွေဖြစ်ပြီး ဆေးရုံဆေးခန်းမပြနိုင်တာကြောင့် အရပ်လက်သည်နဲ့သာမွေးခဲ့ရတာလို့ သိရပါတယ်။ ဒါကြောင့်လည်း အက်ထရာဆောင်းမရိုက်နိုင်ဘဲ ကလေးအမွှာပူးရှိနေတာကို မသိရှိခဲ့ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

အသက်ရှင်ကျန်ရစ်တဲ့ ကလေး ၂ ဦးဟာ မိန်းကလေးငယ်တွေဖြစ်ပြီး မွေးဖွားချိန် ပေါင်ချိန် ၂ ပေါင်ခန့်သာရှိတယ်လို့ သိရပါတယ်။

ဧပြီလ ၁ ရက်နေ့မှာတော့ ဒေသလူမှုကူညီရေးအသင်းအဖွဲ့တွေက အသက်ရှင်ကျန်ရစ်တဲ့ကလေးငယ် ၂ ဦးကို ရန်ကုန်မြိုရှိ ရန်ကင်းကလေးဆေးရုံကို ပို့ဆောင်ပေးထားပြီး ဆေးကုသစောင့်ရှောက်ထားရတယ်လို့ဆိုပါတယ်။

ရန်ကင်းကလေးဆေးရုံမှာရှိနေတဲ့ အမွှာကလေး ၂ ဦးအတွက် ဆေးဝါးနဲ့ နို့ရဖို့ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ မိသားစုမှာ ထပ်မံမွေးလာတဲ့ အမွှာကလေးတွေအပြင် အရင်ကမွေးထားတဲ့ အသက် ၇ နှစ်၊ ၅ နှစ်နဲ့  ၂ နှစ်အရွယ် ကလေး ၃ ဦးလည်းရှိနေသေးတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10