၄ မွှာပူးထဲက ပေါင်ချိန် ၂ ပေါင်နဲ့ အသက်ရှင်ကျန်ခဲ့တဲ့ မိန်းကလေးငယ် ကျန်းမာရေးကောင်းမွန်နေ

၄ မွှာပူးထဲက ပေါင်ချိန် ၂ ပေါင်နဲ့ အသက်ရှင်ကျန်ခဲ့တဲ့ မိန်းကလေးငယ် ကျန်းမာရေးကောင်းမွန်နေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လမ်းကူးကျေးရွာမှာ ၄ မွှာပူးမွေးချိန် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကလေးငယ် ကျန်းမာရေးကောင်းမွန်ပြီး ဝဖြိုးနေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

နော်ဗစ်တိုရီးယားမူး လို့ နာမည်ပေးထားတဲ့ ဒီကလေးငယ်ဟာ မွေးဖွားချိန်မှာ ပေါင်ချိန် ၂ ပေါင်ခန့်ရှိခဲ့ပြီး ရန်ကင်းဆေးရုံမှာ ၂ လလောက် ဆေးကုသမှုပေးခဲ့ရသေးတယ်လို့ ဆိုပါတယ်။ 

"သူအဖေရှိသေးတော့ သူရွာမှာပဲပြန်နေတယ်။ ကလေးက ကျန်းကျန်းမာမာပဲ။ ဘာရောဂါမှတော့ မရှိဘူး။ ကလေးအသက်ကတော့ ၁ နှစ်မပြည့်သေးဘူး။" လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

 

အခုနှစ် မတ် ၂၉ ရက်မှာ လမ်းကူးကျေးရွာနေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးက ၄ မွှားပူး ကိုယ်ဝန်ကို နေအိမ်မှာမွေးဖွားခဲ့ကာ ကလေး ၃ ဦးကို မွေးဖွားပြီးနောက် ဗိုက်ထဲမှာကျန်ရှိတဲ့ ကလေးငယ် ၁ ဦးကို ဆက်မွေးချိန်မှာ မမွေးနိုင်တော့ဘဲ ကလေးရောမိခင်ပါ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မွေးဖွားပြီးတဲ့ကလေးငယ် ၃ ဦးထဲက ၁ ဦးဟာလည်း မတ် ၃၁ ရက်မှာသေဆုံးခဲ့သလို ကျန် ကလေးငယ် ၂ ဦးကို ဒေသခံတွေနဲ့လူမှုကူညီရေးအဖွဲ့တွေက ဧပြီ ၁ ရက်မှာ ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံကို ပို့ဆောင်ကုသပေးချိန်မှာလည်း နောက် ၁ ဦး ထပ်မံသေဆုံးခဲ့တာပါ။ 

နောက်ဆုံးမှာတော့ နော်ဗစ်တိုရီးယားမူး သာ အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ 

ငွေကြေးမပြည့်စုံတဲ့ အဆိုပါကိုယ်ဝန်ဆောင်သည်မိသားစုဟာ တိုက်ပွဲတွေကြောင့်မကြာခဏ စစ်ဘေးရှောင်နေခဲ့ရတာကြောင့် ဆေးရုံဆေးခန်းမပြနိုင်ဘဲ အရပ်လက်သည်နဲ့သာ မွေးခဲ့ရပါတယ်။  

ဒါ့အပြင် ကိုယ်ဝန်ရှိနေတဲ့အချိန်ကလည်း အက်ထရာဆောင်းမရိုက်နိုင်ခဲ့တဲ့အတွက် ကလေးအမွှာပူး ရှိနေတာကို မိသားစုဝင်တွေက မသိရှိခဲ့ကြပါဘူး။ 

ဒီမိသားစုမှာ နော်ဗစ်တိုရီးယားမူး အပြင် အရင်မွေးဖွားခဲ့တဲ့ အသက် ၇ နှစ်၊ ၅ နှစ်နဲ့  ၂ နှစ်အရွယ် ကလေး ၃ ဦးလည်းရှိနေသေးပြီး ဖခင်ဖြစ်သူမှာလည်း သာမန်လက်လုပ်လက်စားဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ကရင်ပြည်နယ် #သံတောင် #ကျောက်ကြီး #၄မွှာပူး #အသက်ရှင်ကျန်ခဲ့သူ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10