၅ နှစ်အရွယ်ကလေးကို တရွာတည်းနေအမျိုးသားက တောထဲခေါ်သတ်ပေမယ့် အသက်မသေဘဲ ပြန်လွတ်ခဲ့

၅ နှစ်အရွယ်ကလေးကို တရွာတည်းနေအမျိုးသားက တောထဲခေါ်သတ်ပေမယ့် အသက်မသေဘဲ ပြန်လွတ်ခဲ့

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာက အသက် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦးကို တရွာတည်းနေအမျိုးသားက တောထဲခေါ်ပြီးသတ်ဖို့ကြိုးစားခဲ့ပေမယ့် မသေဘဲပြန်လွတ်လာခဲ့တယ်လို့ ကလေးငယ်ရဲ့မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။ 

ဇန်နဝါရီ ၁၇ ရက်ညနေ ၃ နာရီကျော်မှာ ဆတ်သွားကျေးရွာ အမက စာသင်ကျောင်းကဆင်းလာတဲ့ အသက် ၅ နှစ် ၈ လအရွယ် မောင်စွမ်းပြည့်အောင် ကို အသက် ၃၀ အရွယ် ကိုရဲမင်းထက် ဆိုသူက သူ့နဲ့အတူလိုက်ဖို့ပြောပြီး ရွာနဲ့ ၂ မိုင်အကွာကတောထဲကို ဆိုင်ကယ်နဲ့ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

တောထဲရောက်တဲ့အချိန် ကလေးငယ်ရဲ့လည်ပင်းကိုအင်္ကျီနဲ့ပတ်ညှစ်ပြီးနောက် လည်ပင်းနဲ့မျက်နှာတွေကို ဆေးလိပ်မီးနဲ့ထိုးခဲ့ကြောင်း ကလေးငယ်ရဲ့ပြန်ပြောပြချက်အရသိရတယ်လို့ မိသားစုနဲ့ နီးစပ်သူကပြောပါတယ်။

"ကလေးကို တောထဲလည်းရောက်ကော အင်္ကျီအဖြူလက်ရှည်နဲ့ လည်ပင်းကိုအသားကုန် စည်းတာ။ နှစ်ထပ်သုံးထပ်စ ည်းတာ။ ပြီးတော့ သူစောင့်ကြည့်တယ်။ သားက သေချင်ယောင်ဆောင်လိုက်တယ် တဲ့။ အသက်မရှုတဲ့ပုံစံ လုပ်လိုက်တော့ သေပြီဆိုပြီးတော့ သူ့ဆေးလိပ်မီးနဲ့တို့ကြည့်သေးတယ်တဲ့။ လည်ပင်းတချက် ပါးတချက် တို့ကြည့်သေးတယ်။ အဲဲ့ဒီမှာသေပြီဆိုပြီး ခြုံပုတ်ထဲထားခဲ့တာတဲ့။"လို့ ကလေးငယ်ရဲ့ပြန်ပြောပြချက်ကို မိသားစုနဲ့နီးစပ်သူက ဆက်ပြောပါတယ်။

ကလေးငယ်ပျောက်ဆုံးသွားတာကြောင့် မိသားစုဝင်တွေနဲ့အတူ ရဲနဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက တညလုံးနီးစပ်ရာကို ရှာဖွေခဲ့ကြပေမယ့်မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ 

ဇန်နဝါရီ ၁၈ ရက်မနက် ၇ နာရီလောက်ကျမှ ရွာခံတောင်သူတဦး တောထဲကိုလှည်းနဲ့ထင်းခုတ်သွားချိန်မှာ ငိုနေတဲ့ မောင်စွမ်းပြည့်အောင်ကိုတွေ့ရှိပြီး နေအိမ်ကိုပြန်ပို့ဆောင်ပေးခဲ့တာလို့ မိသားစုဝင်နဲ့ နီးစပ်သူကပြောပါတယ်။

ကလေးကိုပြန်တွေ့ချိန်မှာ မျက်နှာမှာဖောယောင်နေပြီး လည်ပင်းနဲ့မျက်လုံးတွေမှာလည်း သွေးခြေဥတွေ ဖြစ်နေတာကိုတွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။  

"သူ့အမေဆို ဒါကကျမသားမဟုတ်ဘူးဆိုတာထိတောင် ဖြစ်တယ်။ ကလေးက ကျောင်းသွားချိန်က အဝတ်ကအသစ်။ သတ်ဖို့ခံထားရတော့ ဖုတ်တွေကလူး၊ တကိုယ်လုံးပေကျံနေတာ။ လည်ပင်းကိုညှစ်ထားတော့ သွေးတွေက မျက်နှာ၊ လည်ပင်း၊ မျက်လုံးဆိုလည်း သွေးခြေဥဖြစ်နေတော့ စုတ်ပြတ်သတ် ဖောယောင်နေတော့မမှတ်မိတာ။"လို့ သူကဆက်ပြောပါတယ်။

အိမ်ကိုပြန်ရောက်ရောက်ချင်း တောင်တွင်းကြီးဆေးရုံကို ကနဦးပို့ဆောင်ခဲ့ပြီး အဲ့ဒီကနေတဆင့် စိုးရိမ်ရတဲ့အခြေအနေရှိတာကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကိုပြောင်းရွှေ့ ကုသနေရတယ်လို့ ဆိုပါတယ်။ 

ကလေးငယ်မှာ လည်ပင်းညှစ်ခံထားရတဲ့ဒဏ်ကြောင့် လေပြွန်ရောင်၊ မျက်လုံးအစ် ညိုမဲ၊ မျက်နှာနဲ့ လည်ပင်းတွေမှာလည်း မီးလောင်ဒဏ်ရာတွေရှိပြီး ဆက်လက်စောင့်ကြည့်ကုသရမယ့် အခြေအနေမှာ ရှိနေသေးတယ်လို့ သိရပါတယ်။

ကလေးငယ်တက်နေတဲ့ကျောင်းဟာ နေအိမ်နဲ့မဝေးတာကြောင့် ပုံမှန်အချိန်မှာဆို မိသားစုဝင်တဦး (သို့မဟုတ်) ပွဲရုံအလုပ်သမားတဦးဦးက ကျောင်းဆင်းချိန်သွာကြိုလေ့ရှိပေမယ့် ဖြစ်စဥ်ဖြစ်တဲ့နေ့မှာတော့ ကုန်ကားတွေရောက်နေတာကြောင့် သွားကြိုဖို့ မသိမထားမိဘဲဖြစ်ခဲ့ရတာလို့ မိသားစုဝင်နဲ့ နီးစပ်သူကပြောပါတယ်။ 

ကိုရဲမင်းထက်ဟာလည်း ကလေးငယ်ရဲ့ မိဘတွေပိုင်ဆိုင်တဲ့ပွဲရုံမှာ ၂ နှစ်နီးပါး အလုပ်လုပ်ခဲ့ဖူးပြီး ပွဲရုံမှာ အလုပ်လုပ်စဥ်ကာလမှာ အတူအလုပ်လုပ်နေသူတွေအပေါ်  ကြီးနိုင်ငယ်ညှင်းလုပ်တာကြောင့် အလုပ်ရှင်တွေဘက်က မကြာခဏသတိပေးခံရဖူးပြီး လွန်ခဲ့တဲ့ ၃ လလောက်က သူသဘောနဲ့သူ အလုပ်ကနေ ထွက်သွားခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ခုလိုနှိပ်စက်ခဲ့သူဟာ ရဲမင်းထက်ဆိုတာကို ကလေးငယ်ရဲ့ပြောပြချက်အရသိရတဲ့အတွက် ဇန်နဝါရီ ၁၈ ရက်မနက်ပိုင်းမှာပဲ ဆတ်သွားရွာထဲက သူ့နေအိမ်မှာ ရဲ၊ စစ်တပ်နဲ့ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကဖမ်းဆီးခဲ့ပြီး လက်ရှိမှာတော့ ဆတ်သွားနယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #တောင်တွင်းကြီး #သတ်ရန်ကြံစည် #ကလေးသူငယ်အကြမ်းဖက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10