၅ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်နှိပ်စက်ခဲ့သူလင်မယားကို ပုဒ်မ ၃ ခုနဲ့အမှုဖွင့်

၅ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်နှိပ်စက်ခဲ့သူလင်မယားကို ပုဒ်မ ၃ ခုနဲ့အမှုဖွင့်

 

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုထဲက ကျေးရွာတရွာမှာ ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနှိပ်စက်တဲ့ လင်မယားနှစ်ဦးကို ပုဒ်မ ၃ ခုနဲ့အမှုဖွင့်ထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာ အမျိုးသားဖြစ်သူကို မုဒိန်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၄/ ၁၁၄၊ အမျိုးသမီးဖြစ်သူကိုတော့ ပုဒ်မ ၃၂၄/ ၁၁၄ နဲ့ ရဲက အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

"လတ်တလောက ပုဒ်မ ၃ ခုတပ်ထားတယ်လို့ သိရတယ်။ ထပ်တိုးပုဒ်မတွေလည်း ရှိလာနိုင်တယ်။ ခုက မှုခင်းဆရာဝန်စစ်ချက်အရပေါ့နော်။ အခြားသော သွားနဲ့ခံတွင်း၊ နား၊ နှာခေါင်းဆရာဝန်ကြီးတွေ စစ်ချက်ရရင် ပုဒ်မက ထပ်တိုးလာမှာ" လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် မှုခင်းနဲ့ပတ်သက်တဲ့ ကလေးငယ် အင်္ကျီအပါအဝင် သက်သေခံပစ္စည်းအချို့ကိုလည်း CID ပို့ပြီး စစ်ဆေးထားတယ်လို့ ဆိုပါတယ်။

အမှုနဲ့ပတ်သက်တဲ့ မြို့နယ်မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်ကို မိသားစုဝင်တွေဘက်က ရရှိထားပေမယ့် စစ်ဆေးချက်ပါအကြောင်းအရာတွေကို လတ်တလောမှာ ထုတ်ဖော်ပြောဆိုတာမျိုး မပြုလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

စက်တင်ဘာ ၂၆ ရက်မှာ ရဲအဖွဲ့တွေက ကလေးငယ်နှိပ်စက်မှုမှာပါဝင်တဲ့ အမျိုးသမီးဖြစ်သူ မပိုပိုချစ်ကို သူနေထိုင်ရာကျေးရွာကနေ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသားဖြစ်သူ ဦးတင်ဇော်ဝင်းကိုတော့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ လင်မယားနှစ်ယောက်စလုံးကို အုတ်တွင်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကလေးငယ်အတွက် တရားမျှတမှုရဖို့ တရားရေးပိုင်းနားလည်တဲ့ရှေ့နေတွေကိုလည်း ငှားရမ်းထားကာ ဥပဒေအတိုင်းသွားနိုင်အောင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

အဆိုပါမိန်းကလေးငယ်ကို တရွာတည်းနေ ဦးတင်ဇော်ဝင်းနဲ့ ဇနီးဖြစ်သူ မပိုပိုချစ်တို့က ၂၀၂၃ ကတည်းက မွေးစားထားခဲ့ပြီးနောက် ယခုနှစ်ဩဂုတ်လ နောက်ဆုံးအပတ်လောက်အတွင်းမှာ မွေးစားဖခင် ဦးတင်ဇော်ဝင်းက ကလေးငယ်ကို ကျေးရွာနေအိမ်မှာ ၁ ကြိမ်၊ တောစပ်မှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ရက်ခြားပြီး အဓမ္မပြုကျင့်ကာ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။ 

စက်တင်ဘာလပထမပတ်အတွင်းမှာ မွေးစားမိဘတွေက အဆိုပါမိန်းကလေးငယ်ကို တောင်ငူမြို့ ဆေးရုံမှာ ၃ ရက်ကြာဆေးကုပေးပြီး ကျေးရွာကိုပြန်လည်ရောက်ရှိချိန် အဖိုးအရင်းဖြစ်သူက ကလေးငယ်ရဲ့ ကျန်းမာရေး အခြေအနေကို တွေ့ရှိခဲ့ရတာကြောင့် ပြန်လည်ခေါ်ယူခဲ့ပြီး မေးမြန်းခဲ့ရာ အဓမ္မပြုကျင့်ခံရတာနဲ့ နှိပ်စက်ခံထားရမှုတွေကို သိရှိခဲ့ရတာလို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်တွင်း #ပေါက်တောကျေးရွာ #ကလေး #အဓမ္မပြုကျင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10