၅နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့် နှိပ်စက်ခဲ့တဲ့ အမှုကို သက်သေလိုက်ပေးမယ့်သူတွေခြိမ်းခြောက်ခံနေရ    ■သက်သေထွက်ဆိုသူတွေမရှိရင် အမှုအားနည်းပြီး တရားစွဲနိုင်ခြေလျော့နိုင်

၅နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့် နှိပ်စက်ခဲ့တဲ့ အမှုကို သက်သေလိုက်ပေးမယ့်သူတွေခြိမ်းခြောက်ခံနေရ ■သက်သေထွက်ဆိုသူတွေမရှိရင် အမှုအားနည်းပြီး တရားစွဲနိုင်ခြေလျော့နိုင်

 

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျေးရွာ ၁ ရွာမှာ ၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်နှိပ်စက်တဲ့အမှုကို နစ်နာသူကလေးငယ်ဘက်က သက်သေလိုက်ပေးမယ့်သူတွေ ခြိမ်းခြောက်ခံနေရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ခြိမ်းခြောက်သူတွေက ပြစ်မှုကျူးလွန်တယ်ဆိုပြီး ရဲကဖမ်းဆီးထားတဲ့ လင်မယားရဲ့အဖေဖြစ်သူ ဦးသိန်းဇော်နဲ့ ကျေးရွာရာအိမ်မှူးဆိုသူတွေ ဖြစ်ပါတယ်။

"သက်သေ သွားထွက်ရဲရင်ထွက်ကြည့် အပြင်ထွက်တာနဲ့ ဓားနဲ့ခုတ်မယ်ဆိုပြီးခြိမ်းခြောက်တာ။ အဲ့လိုဆိုတော့ ကြောက်နေကြတယ်။ ဒီရက်ပိုင်းထဲသူတို့ကသက်သေထွက်ရတော့မှာ" လို့ နစ်နာသူကလေးငယ်ရဲ့မိသားစုဝင်တွေနဲ့နီးစပ်သူက ပြောပါတယ်။

ခြိမ်းခြောက်သူတွေက သက်သေထွက်ဆိုမယ့်သူတွေရဲ့  နေအိမ်ကိုတိုက်ရိုက်သွားပြောတာမျိုးရှိသလို အချို့ကိုတော့ ရပ်ကွက်ကျေးရွာနေသူတွေဆီကတဆင့် သတင်းလွှင့်ခိုင်းတာမျိုးတွေလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ခြိမ်းခြောက်ခံရတာကိုကြောက်ပြီး သက်သေတွေကတရားရုံးမှာ လာပြီးသက်သေမခံနိုင်ရင် အမှုအတွက်အားနည်းသွားပြီး တရားစွဲဆိုနိုင်တဲ့အခြေနေတွေကနေ လျော့သွားနိုင်တယ်လို့မိသားစုနဲ့နီးစပ်သူက ဆိုပါတယ်။

အခုလို သက်သေထွက်ဆိုမယ့်သူတွေကို ခြိမ်းခြောက်တာဟာ ခြိမ်းခြောက်မှု ဥပဒေပုဒ်မ ၅၀၆ နဲ့ တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် ၂ နှစ်အထိချလို့ရတယ်လို့ CDM ရှေ့နေအမျိုးသမီး ၁ ဦးက မြေလတ်အသံကို ပြောပါတယ်။

" သက်သေက မထွက်နိုင်တော့ဘူး သက်သေမရှိတော့ဘူးဆိုရင် ရဲအရေးမပိုင်တဲ့ အမှုဖြစ်သွားပြီ၊ အဲ့တာမျိုးဆိုရင် တရားရုံးကို သွားပြီးတော့ ကာယကံရှင်က ဦးတိုက်လျှောက်ရမှာ၊ အဲ့လိုအခြေအနေတော့ ဖြစ်သွားလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။

ကလေးငယ်အမှုအတွက် တရားရုံးမှာ မျက်မြင်ကြားသိသူတွေအနေနဲ့ ထွက်ဆိုပေးဖို့ ကျေးရွာက ဒေသခံ ၅ ဦးကို နစ်နာသူမိသားစုဝင်တွေဘက်က သက်သေအနေနဲ့ တရားရုံးမှာစာရင်းသွင်းထားတာဖြစ်ပါတယ်။

အဲ့ဒီ သက်သေ ၅ ဦးနေထိုင်တဲ့ကျေးရွာကလည်း စစ်ကောင်စီအုပ်ချုပ်မှုအောက်ကနေကင်းလွတ်နေတဲ့ နေရာဒေသဖြစ်နေလို့ ရဲအဖွဲ့တွေကလည်း သက်သေတွေရဲ့လုံခြုံရေးအတွက် ကာကွယ်ပေးနိုင်တဲ့အခြေနေမှာမရှိဘူးလို့ သိရပါတယ်။

အခုလိုခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး နောက်ထပ် တရားလွှတ်တော်ရှေ့နေ ၁ ဦးကလည်း  "ဗစ်တိုးရီးယား အမှုပဲကြည့်ပါ။ တရားလိုရဲ့သက်သေပျောက်သွားတယ်။ အမှုကအဆုံးထိမရောက်လိုက်ဘူး။ အခုလည်း သက်သေမရှိရင် အဲလိုဖြစ်သွားနိုင်တယ်။ ဗစ်တိုးရီးယားအမှုမှာဆို အရေးကြီးသက်သေဆရာမပျောက်သွားတယ်။ ကျောင်းထဲကပစ္စည်းသက်သေတွေပျောက်ကုန်တယ်။ အမှုကတန်းလန်းကြီးနဲ့ ဒီအတိုင်းရပ်သွားတယ်။ သူတို့(တရားခံ)ဘက်က အပြစ်မပေးနိုင်အောင်အားထုတ်လာရင်တော့ အဲလိုဖြစ်သွားနိုင်တယ်"လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေရဲ့ ဖခင်က အဆိုပါကျေးရွာနီးစပ်မှာ သစ်လု​ပ်ငန်းလုပ်ကိုင်ပြီး ငွေကြေးအတော်အသင့်တတ်နိုင်သူဖြစ်ကာ လက်နက်လည်းကိုင်ဆောင်ထားသူလို့ ဒေသခံတွေအကြား သတင်းကြီးနေသူ ဖြစ်ပါတယ်။

အခုအပတ်အတွင်းမှာ ကလေးငယ်ကို နှိပ်စက်ခဲ့တဲ့လင်မယားနှစ်ယောက်စလုံးကို အုတ်တွင်းမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။

ကလေးငယ်ကိုနှိပ်စက်သူတွေကိုတော့ စက်တင်ဘာ ၂၈ ရက်မှာ အမျိုးသားဖြစ်သူကို မုဒိန်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၄/ ၁၁၄၊ အမျိုးသမီးဖြစ်သူကိုတော့ ပုဒ်မ ၃၂၄/ ၁၁၄ နဲ့ ရဲက အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၆ ရက်မှာ ရဲအဖွဲ့တွေက ကလေးငယ်နှိပ်စက်မှုမှာပါဝင်တဲ့ အမျိုးသမီးဖြစ်သူ မပိုပိုချစ်ကို သူနေထိုင်ရာကျေးရွာကနေ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသားဖြစ်သူ ဦးတင်ဇော်ဝင်းကိုတော့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ လင်မယားနှစ်ယောက်စလုံးကို အုတ်တွင်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကလေးငယ်အတွက် တရားမျှတမှုရဖို့ တရားရေးပိုင်းနားလည်တဲ့ရှေ့နေတွေကိုလည်း ငှားရမ်းထားကာ ဥပဒေအတိုင်းသွားနိုင်အောင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

အဆိုပါမိန်းကလေးငယ်ကို ၁ ရွာတည်းနေ ဦးတင်ဇော်ဝင်းနဲ့ ဇနီးဖြစ်သူ မပိုပိုချစ်တို့က ၂၀၂၃ ကတည်းက မွေးစားထားခဲ့ပြီးနောက် ယခုနှစ်ဩဂုတ်လ နောက်ဆုံးအပတ်လောက်အတွင်းမှာ မွေးစားဖခင် ဦးတင်ဇော်ဝင်းက ကလေးငယ်ကို ကျေးရွာနေအိမ်မှာ ၁ ကြိမ်၊ တောစပ်မှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ရက်ခြားပြီး အဓမ္မပြုကျင့်ကာ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

စက်တင်ဘာလ ပထမပတ်အတွင်းမှာ မွေးစားမိဘတွေက မိန်းကလေးငယ်ကို တောင်ငူမြို့ဆေးရုံမှာ ၃ ရက်ကြာဆေးကုပေးပြီး ကျေးရွာကိုပြန်လည်ရောက်ရှိချိန် အဖိုးအရင်းဖြစ်သူက ကလေးငယ်ရဲ့ ကျန်းမာရေး အခြေအနေကို တွေ့ရှိခဲ့ရတာကြောင့် ပြန်လည်ခေါ်ယူခဲ့ပြီး မေးမြန်းခဲ့ရာ အဓမ္မပြုကျင့်ခံရတာနဲ့ နှိပ်စက်ခံထားရမှုတွေကို သိရှိခဲ့ရတာဖြစ်ပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #မိန်းကလေးငယ် #အဓ္ဓမပြုကျင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10