၅၀၀၄ တပ်ရင်းနားက စစ်ဆေးရေးဂိတ် ဝင်ပစ်ခံရလို့ အနည်းဆုံး ၄ဦးသေပြီး လက်နက် ၃လက်ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ထဲက စစ်ကောင်စီဂိတ်တခု ဝင်ပစ်ခံရလို့ အနည်းဆုံး ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ဆီက သိရပါတယ်။

အောက်တိုဘာ ၁ရက် မနေ့က မနက်ပိုင်းမှာ အရာတော်မြို့နယ်ထဲက ခြေတော်ရာဘုရားမုခ်ပေါက်ရှေ့က စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီဂိတ်ဟာ စစ်ကောင်စီရဲ့ ၅၀၀၄ တပ်ရင်းဂိတ်တခုလည်းဖြစ်တယ်လို့ BNRA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"၅၀၀၄ တပ်ရင်းဆိုတာက လက်ရုံးတပ်ပေါ့။ သံချပ်ကာကားတပ်ရင်းလို့လည်း သိကြတယ်။ အထ်ိုင်တပ်ရင်းလည်း ဖြစ်တယ်။ တပ်ဝန်းကြီးက အခိုင်အမာလည်းဖြစ်တယ်။ တပ်စခန်းတွေကလည်း ပုံမှန်လုံခြုံရေးယူနေကြတဲ့ နေရာတွေပါ။" လို့ BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။

ပစ်ခတ်မှုကြာချိန် ၁၀ မိနစ်ဝန်းကျင်ရှိခဲ့ပြီး အဓိက တိုက်ခိုက်ခံရတဲ့ အနောက်တောင်ဂိတ်က ၄ ဦးသေဆုံးပြီး ဘုရားမြောက်ဘက်ဂိတ်ကိုလည်း ၄၀ မမဗုံးသီးနဲ့ လှမ်းပစ်ခဲ့သေးတာကြောင့် အဲ့ဒီဂိတ်က ၁ ဦး သေဆုံးသလို ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်ရခဲ့တဲ့ ဂိတ်ကတော့ အနောက်တောင်ဂိတ်က ဖြစ်ပါတယ်။ အဲ့ဒီဂိတ်မှာကတော့ သေဆုံးအလောင်း ၄ လောင်းတွေ့တယ်။ နောက်ပြီးတော့ MA 1 ၁ လက်၊ အူစီ ၂ လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရခဲ့တယ်။ မြောက်ဘက်အခြမ်းဂိတ်မှာကတော့ ၁ လောင်းသေတယ်။ ၄၀ မမ ဗုံးသီးကြောင့် ဆေးရုံတက်နေရတဲ့သူ ၂ ဦးရှိတယ်ဆိုတာကတော့ သိခဲ့ရတယ်" လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို BNRA တပ်ဖွဲ့ဝင်တွေချည်းသာ ပြုလုပ်ခဲ့ပြီး ကင်းထောက်လှမ်းသူ၊ ဝင်တိုက်ခိုက်သူ စသဖြင့် ရဲဘော်အင်အား ၄၀ ကျော်နဲ့ အကောင်အထည်ဖော်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တိုက်ခိုက်မှုအပြီး ညပိုင်းမှာ အရာတော်မြို့နယ်ထဲက ရွာတခုမှာ ပြည်သူတွေက BNRA ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုခဲ့ကြသေးတယ်လို့ BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်ဆီက သိရပါတယ်။ 

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #၅၀၀၄ #စစ်ဆေးရေးဂိတ် #ပစ်ခတ်ခံရ #သေဆုံး #ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် #BNRA #အရာတော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10