၆ လအတွင်း မြေလတ်ဒေသ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုများ

၆ လအတွင်း မြေလတ်ဒေသ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုများ

စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းများအတွင်း အာဏာသိမ်းစစ်တပ်သည် ပြည်သူများကို ဖမ်းဆီးကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းများ ဆက်လက်ကျူးလွန်လျက်ရှိသည်။ လေကြောင်းပစ်ခတ်မှု၊ မြေပြင်လက်နက်ကြီး ပစ်ခတ်မှု များကြောင့်လည်း အရပ်သားပြည်သူများ တချိန်တည်း၊ တနေရာတည်း၌ အစုလိုက်အပြုံလိုက် သေဆုံးရခြင်းများ မြင့်တက်လျှက်ရှိသည်။ 

မြေလတ်အသံသတင်းဌာန၏ ပြုစုထားသည့်မှတ်တမ်းများအရ ယခုနှစ် ၂၀၂၄ ဇန်နဝါရီလမှ ဇွန်လ( ၁၅ ရက်) အထိ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနှင့် ပဲခူးဒေသများအတွင်း လူ ၅ ယောက်နှင့်အထက် အစုလိုက်အပြုံလိုက် သေဆုံးမှု ၁၆ မှု အထိရှိပြီး သေဆုံးခဲ့ရသူ စုစုပေါင်းမှာလည်း ၂၁၇ အထိရှိသည်ကို တွေ့ရှိရသည်။

အထက်ပါ အစုလိုက်အပြုံလိုက်သေဆုံးမှုတွင် စစ်ကောင်စီကြောင့်သေဆုံးရမှုက အများစုဖြစ်သည်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီကြား အပြန်အလှန်စွပ်စွဲသည့် ဖြစ်ရပ် ၂ ခုနှင့် သတင်းပေးဟုဆိုကာ ရှင်းလင်းခဲ့သည့် ဖြစ်ရပ် ၁ ခုလည်း ပါဝင်သည်။

လက်နက်ကြီးထိမှန်သေဆုံးခြင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ကို ဇန်နဝါရီ ၂ ရက်တွင် ဝန်းသိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံတပ်များက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး ၅ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့သည်။ 

ယင်းနေ့ မနက် ၈ နာရီအချိန်ခန့်က ဝန်းသိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ တာဝေးပစ်အမြောက်ဖြင့် ၈ ချက်ပစ်ခတ်ခဲ့ရာမှာ ယခုကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်များက ၂၀၂၃၊ နိုဝင်ဘာ ၆ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ သို့သော် ၂၀၂၄ ဖေဖော်ဝါရီ ၁၄ ရက်တွင် စစ်ကောင်စီတပ်များက ကောလင်းမြို့ကို ပြန်လည် သိမ်းပိုက်ခဲ့ကြသည်။

လေကြောင်းတိုက်ခိုက်မှု

အညာဒေသမှာ ၂၀၂၄ ဇန်နဝါရီလမှ ဇွန်လအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်မှုများအနက် အရပ်သား ပြည်သူ ၅ ယောက်နှင့်အထက် သေဆုံးသည့်ဖြစ်ရပ် ၇ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၈၉ ယောက်အထိ ရှိခဲ့သည်။

အထက်ပါလေကြောင်းတိုက်ခိုက်မှုများအနက် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာ လေကြောင်း တိုက်ခိုက်ခံရမှုသည် လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်သည်။

မတောရွာတွင် ဇွန်လ ၃ ရက် မနက် ၈ နာရီ မင်္ဂလာဆောင်ပွဲကျင်းပနေချိန်၌ စစ်ကောင်စီသည် လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချခဲ့ရာ ချက်ပြုတ်ရေးတာဝန်ယူထားသည့်နေရာနှင့် ဧည့်ခံကျွေးမွေးနေသည့်နေရာကြား ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ကလေး ၈ ဦးအပါအဝင် သေဆုံးသူ ၃၀ ဦးရှိခဲ့သည်။ 

သေဆုံးမှုဒုတိယအများဆုံး လေကြောင်းတိုက်ခိုက်မှုသည် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီးက ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။ 

ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီခွဲအချိန် စစ်ကောင်စီ၏ A5 အမျိုးအစားတိုက်လေယာဉ်တစီးသည် ဗုံး ၅ လုံးနှင့်အထက် ကြဲချခဲ့ရာ ကနန်ကျေးရွာအနောက်ပိုင်းရှိ စာသင်ကျောင်းနှင့် ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ် ၄ ဦးအပါအဝင် ၁၆ ဦးသေဆုံးခဲ့သည်။ 

အလားတူ မေလ ၉ ရက်တွင်လည်း မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ အကြည်ပန်းပလွန်းရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်တဦးအပါအဝင် စုစုပေါင်း ၁၆ ဦးသေဆုံးခဲ့သည်။

ကျေးရွာဘုန်းကြီးကျောင်း၌ ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အစည်အဝေးလုပ်နေချိန် ဂျက်တိုက်လေယာဉ်တစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

လူဦးရေ ၅ ဦးနှင့်အထက် သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများမှာ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ စိန်နန်းရွာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့သည်။ 

၅ နှစ်အရွယ်ကလေး ၁ ဦး(ကျား)၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာကို မေ ၁၁ ရက် မွန်းလွဲ ၂ နာရီကျော်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၅၀၀ ဗုံးသီး ၄ လုံး ကြဲချခဲ့ရာ ကျေးရွာစာသင်ကျောင်းအတွင်း ဒရုန်းသင်တန်းတက် ရောက်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် ပြည်သူ ၃ ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့သည်။ 

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာ၌လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး ၁ ဦးနှင့် ၁၂ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် စုစုပေါင်း ၇ ဦးသေဆုံးခဲ့သည်။ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲခဲ့ရာမှာ ကျေးရွာရှိ လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ကျေးရွာဘုန်းကြီးကျောင်းတွင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ကျေးရွာပြည်သူအချို့ အစည်းအဝေးလုပ် နေချိန် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ သံဃာ ၂ ပါးအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးခဲ့သည်။ 

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်း ၂၀၂၄ ဇန်နဝါရီလမှ ဇွန်လအထိ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံရမှု ၈ မှုရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁၂၂ ဦးရှိခဲ့သည်။ အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုက အများဆုံးဖြစ်ခဲ့ပြီး ၂ မှုမှာ ဒေသကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီကြား အပြန်အလှန်စွပ်စွဲခဲ့ကြသည်။ 

အထက်ပါ အမှုများတွင် တော်လှန်ရေးအဖွဲ့က ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်ဖမ်းဆီးသတ်ဖြတ်သည့် ဖြစ်စဉ် ၁ ခုလည်းပါဝင်သည်။

ယခုနှစ်အတွင်း ပထမဆုံးအစုလိုက်အပြုံလိုက်ဖမ်းဆီးသတ်ဖြတ်ခံရမှုဖြစ်စဉ်သည် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် အတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက ပြည်သူ ၁၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အမှုဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၆ ရက်တွင် ဒေသခံပြည်သူ ၁၉ ဦးကို ဝန်းသိုမြို့မရဲစခန်းသို့ ဖမ်းခေါ်သွားပြီး နောက်ရက်တွင် ကောလင်းမြို့နှင့် ပင်လယ်ဘူးမြို့သွားသည့်လမ်းခွဲ၌ ဖမ်းဆီးခံခဲ့ရသည့် ပြည်သူတချို့၏ အလောင်းများကို စွန့်ပစ်ထားခဲ့ပြီး အချို့အလောင်းများကိုတော့ ပြန်လည်ရရှိခြင်း မရှိခဲ့ပေ။

အသတ်ခံခဲ့ရသည့် ပြည်သူများသည် စပါးကုန်သည်၊ ဆီကုန်သည်များဖြစ်ကြပြီး ၎င်းတို့စီးလာသည့်မော်တော် ယာဉ်များကို စစ်တပ်က သိမ်းဆည်းသကဲ့သို့ မော်တော်ယာဉ်ပေါ်ရှိ ဆန်နှင့် ဆီများကိုလည်း စစ်တပ်က ယူဆောင်သွားခဲ့သည်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ နောက်ထပ် ဖမ်းဆီးသတ်ဖြတ်မှုတခုမှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးများက ဒေသခံ ၇ ဦးကို သတ်ဖြတ်ခဲ့သည့်အမှုဖြစ်သည်။ 

ဖေဖော်ဝါရီ ၁၄ ရက်တွင် မြောက်ခင်ရန်းရွာမှ ပျူစောထီးနှင့် စစ်ကောင်စီသား ၂၀ ကျော်သည် သင်တောရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသည့် ပြည်သူနှင့် ကောက်ပဲသီးနှံရိတ်သိမ်းရန်သွားသည့် ပြည်သူ စုစုပေါင်း ၇ ဦးကိုဖမ်းဆီးပြီး သတ်ပစ်လိုက်ကြသည်။ 

စစ်ကောင်စီသည် အဆိုပါ အမျိုးသား ၇ ဦးကိုသတ်ဖြတ်ပြီးနောက် သင်တောရွာမှ နေအိမ်အလုံး ၂၀ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် အဆိုးရွားဆုံးဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာများကို စစ်ကြောင်းထိုးစဉ် ပြည်သူ ၁၁ ဦးကို သတ်ဖြတ်သွားခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ခမရ ၇၀၈၊ ခလရ ၁၁ စစ်ကြောင်းနှင့် ဝါသဝ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၂၀၀ ခန့်သည် တန့်ဆည်မြို့နယ်ထဲကကျေးရွာများကို ရွာစဉ်လှည့်ကာ ပြည်သူများကို ဖမ်းဆီး ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ စစ်ကြောင်းသည် မေလ ၁ ရက်တည်း၌ လမ်းတလျှောက်ဖမ်းဆီးခေါ်ဆောင်လာသည့် ပြည်သူ ၇ ဦးကို ဓားဖြင့် ခြေလက်ခေါင်းများ အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်ခင် ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၄ ရက်၊ ၂၆ ရက်များ၌လည်း အဆိုပါစစ်ကြောင်းသည် စစ်ကြောင်းထိုးရာ လမ်းတလျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ပြည်သူ ၂ ဦးကို ဓားဖြင့် လည်လှီးကာ သတ်ဖြတ်ခဲ့ကြသေးသည်။ 

အထက်ပါသတ်ဖြတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့များသည် အသတ်ခံရသူများကို ခြေထောက်၊ လက်နှင့် ခေါင်းများ ဖြတ်တောက်ခြင်း၊ ဗိုက်ဖောက်အူထုတ်ပြီး ခန္ခာကိုယ်အစိတ်အပိုင်းများကို လှောင်ရယ်စရာအဖြစ် ပြုလုပ်ခဲ့ကြ သည်။ 

နောက်ထပ်စစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာက ပြည်သူ ၃၄ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းသည် မေ ၁၁ ရက် မနက် ၅ နာရီအချိန်၌ လက်ထုတ္တောရွာကို ရုတ်တရက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ရာ ထွက်ပြေးချိန်မရလိုက်သည့် ရွာခံများသည် ကျေးရွာဘုန်းကြီးကျောင်းအတွင်း ပိတ်မိအဖမ်းခံခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဖမ်းဆီးခံရသူများထဲမှ အမျိုးသားများကိုခေါ်ထုတ်ပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့ရာ အသက် ၁၈ နှစ် မပြည့်သေးသည့် လူငယ် ၃ ဦးနှင့် အမျိုးသမီး ၁ ဦးပါဝင်ပြီး စုစုပေါင်း ၃၄ ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့၏နောက်ထပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ အင်းဝိုင်းရွာအတွင်း ဝင်ရောက်ပြီး အသက် ၁၃ နှစ်အရွယ်ကလေး ၁ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်မှုဖြစ်သည်။ စစ်တပ်သည် ကျေးရွာသားများကို ပေါ်တာဆွဲဖမ်းဆီးကာ ကတုတ်ကျင်းများတူးခိုင်းပြီးနောက် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။ 

အရပ်သားပြည်သူများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့် နောက်ထပ် ဖြစ်စဉ် ၂ ခုမှာ မည်သည့်အဖွဲ့ အစည်းက သတ်သည်ကို မသိရဘဲ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီကြား အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

ပထမဖြစ်စဉ်တခုမှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လပတ်ကျေးရွာနှင့် ကပ်ကြေးဆိပ်ရွာကြားတွင် ဖေဖော်ဝါရီ ၁၆ ရက်က အမျိုးသား  ၃ ဦးနှင့် အမျိုးသမီး ၃ ဦးအသတ်ခံရမှုဖြစ်သည်။ 

အသတ်ခံရသူများသည် လပတ်ကျေးရွာကနေ ကျောက်ကြီးမြို့ကို ဘေးတွဲဆိုင်ကယ် ၂ စီးနှင့်လိုက်ပါလာသည့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦး ဖြစ်ပြီး ကျောက်ကြီးမှ ၃ မိုင်ဝန်းကျင်အကွာ လပတ်ရွာနှင့် ကပ်ကြေးဆိပ်ရွာအကြား အသတ်ခံခဲ့ရခြင်းဖြစ်သည်။ 

အထက်ပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မည်သည့်အဖွဲ့က ကျူးလွန်သည်ကို ထုတ်ပြန်ခဲ့ကြခြင်း မရှိပေ။

ကျောက်ကြီးမြို့နယ်အတွင်း ကျောက်ကြီးမြို့ပေါ်နှင့်အနီးတဝိုက်ကို စစ်ကောင်စီဘက်ကထိန်းချုပ်ထားပြီး ကျေးရွာများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ်ဖြစ်စဉ်တခုမှာ မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးခဲ့ ရသည့် အရပ်သားပြည်သူ ၃၄ ဦး သေဆုံးမှုဖြစ်သည်။ 

မေလ ၉ ရက်တွင် ပျူစောထီးစခန်းရှိရာ ဆုံရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်သိမ်းပိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီး ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၃၄ ဦးသေဆုံးခဲ့ရသည်။ 

ဆုံရွာတိုက်ပွဲအတွင်းအရပ်သားသေဆုံးမှုသည် တော်လှန်ရေးအဖွဲ့များ၏ သတ်ဖြတ်မှုဖြစ်ကြောင်း စစ်ကောင်စီဘက်က စွပ်စွဲသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံများ ကျေးရွာအတွင်းကျ ရောက်ပေါက်ပြီး ပြည်သူများထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု တော်လှန်ရေး အဖွဲ့များကလည်း ပြန်လည် စွပ်စွဲခဲ့ကြသည်။ 

နောက်ထပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုမှာ ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ သရက်တော ရွာတွင်ဖြစ်ပွားခဲ့သည့် Non CDM ဆရာမ ၁ ဦးနှင့် စစ်တပ်သတင်းပေးဟုဆိုသူ ၅ ဦးအသတ်ခံရမှုဖြစ်သည်။ 

မတ်လ ၁၄ ရက် ည ၈ နာရီခွဲအချိန်၌ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က နေအိမ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

သေဆုံးသွားသူများသည် Non CDM ဆရာမ အပါအဝင် ရဲတပ်သားတဦးနှင့် စစ်သားတဦး၏ မိဘများ ဖြစ်ကြ ပြီး ၎င်းတို့သည် စစ်ကောင်စီကို သတင်းပေးလုပ်နေကြသူများဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10