၈၈၈၈ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီအခြေစိုက် ၃ နေရာကို PDF ပူးပေါင်းအဖွဲ့က တပြိုင်တည်းတိုက်ခိုက်

၈၈၈၈ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီအခြေစိုက် ၃ နေရာကို PDF ပူးပေါင်းအဖွဲ့က တပြိုင်တည်းတိုက်ခိုက်

ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့က တပ်မ (၁၀၁)၊ အင်ပင်ဂိတ်နဲ့ အနောက်ဘုန်းကံ(ပျူစောထီး)ကျေးရွာတို့ကို သြဂုတ် ၈ ရက် မွန်းလွဲ ၃ နာရီကျော်မှာ PDF ပူးပေါင်းအဖွဲ့က တပြိုင်တည်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သားတဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ PKU Burma Revolution Rangers က ပြောပါတယ်။

၈၈၈၈ လုံးအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် PDF ၄ ဖွဲ့က အင်အားအသီးသီးဖြန့်ပြီးတော့ တချိန်တည်းမှာဘဲ တပ်မ (၁၀၁) ကို Rocket ၈ လုံး၊ အနောက်ဘုန်းကံရွာကို ၄ လုံးနဲ့ အင်ပင်ဂိတ်ကို ဒရုန်းတစီးနဲ့ အီနာဂါ ၅ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"၁၀၁ ကို ၈ လုံးပစ်တာ ၅ လုံးတပ်ထဲကိုကျပြီးတော့ ၃ လုံးက တပ်ကို မရောက်ခင်ကွဲသွားတယ်။ ၁၀၁ က စစ်သားတကောင်သေတယ်။ ၁၀၁ ရဲ့လက်အောက်ခံ ထောက်ပို့တပ်က နေအိမ်ပေါ်ကျလို့ စစ်သားတယောက်ရဲ့ မယားနဲ့ အမေဖြစ်သူတို့ သေတယ်။ သေဆုံးတာကိုတော့ အဲဒီတပ်ရဲ့ဖရဲသီးကပြောတာ" လို့ PKU Burma Revolution Rangers မှတာဝန်ခံ ရဲဘော်ကာတွန်းက ပြောပါတယ်။

ပခုက္ကူမြို့အဝင်မှာရှိတဲ့ အင်ပင်ဂိတ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ အီနာဂါဗုံးသီး ၅ လုံးချခဲ့သလို အနောက်ဘုန်းကံ (ပျူစောထီး) ကျေးရွာရဲ့ စာသင်ကျောင်းထဲ တပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကိုတော့ Rocket ၄ လုံးနဲ့တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်၊ သေဆုံးမှု စာရင်းအတိအကျကို မသိရှိခဲ့ရဘူးလို့ Pakokku Special Guerrilla Force - PSGF ရဲဘော်တဦးက ပြောပါတယ်။

အဲဒီလို တိုက်ခိုက်ခံရပြီးနောက် တပ်မ( ၁၀၁) က စစ်ကောင်စီတပ်သားတွေနဲ့ အနောက်ဘုန်းကံက ပျူစောထီးတွေပေါင်းပြီးတော့ PDFတွေတိုက်ခိုက်နေတဲ့ နေရာအထိခြေလျင် စစ်ကြောင်းထိုးကာ တန်ပြန်တိုက်ခိုက်ခဲ့သလို အင်ပင်ဂိတ်ကလည်း လက်နက်အလုံးရေ  ၂၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ရဲဘော်ကာတွန်းက ဆက်ပြောပါတယ်။

အခုနောက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်နက်၊ ရိက္ခာထောက်ပို့ အင်အားလျော့နည်းလာတဲ့အတွက် မစ်ရှင်တွေကို အခုထက်ပိုပြီး လုပ်ချင်ပေမယ့် မလုပ်နိုင်တဲ့အခြေအနေတွေရှိနေပြီး မိမိတို့ရှာလို့ရသမျှ အင်အားနဲ့ စစ်ရေးမစ်ရှင်တွေကို အသက်ဆက်နေရတယ်လို့ သူက ဆိုပါတယ်။  

ဒီတိုက်ခိုက်မှုကိုတော့ PKU Burma Revolution Rangers၊ Pakokku Special Guerrilla Force - PSGF (ပခုက္ကူမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ)၊ Dragon Force၊ ကျေလက်ဒေသပြောက်ကျားတပ်ဖွဲ့၊ သူရိန်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကလည်း ပခုက္ကူ-မြိုင် လမ်းမပေါ်မှာရှိတဲ့ အင်ပင်စစ်ဆေးရေးဂိတ်ကို Pakokku Special Guerrilla Force-PSGF အဖွဲ့က ဒရုန်းနဲ့ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #တပ်မ(၁၀၁) #အင်ပင်ဂိတ် #အနောက်ဘုန်းကံ #ပျူစောထီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10