1027 စစ်ဆင်ရေးကို ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မယ်လို့ အညာတော်လှန်ရေးအဖွဲ့တွေ စာထုတ်

1027 စစ်ဆင်ရေးကို ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မယ်လို့ အညာတော်လှန်ရေးအဖွဲ့တွေ စာထုတ်

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်းနဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အညာဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် လူထုသပိတ် ကော်မတီတွေက စာထုတ်ပြန်ထားကြပါတယ်။

အောက်တိုဘာ ၂၇ ရက်ကတည်းက စတင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့အထိ မြို့သုံးမြိုကို ရရှိထားပြီး စစ်ကောင်စီတပ်စခန်းအများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ လူထုသပိတ်ကော်မတီတွေကလည်း ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်းနဲ့ နိုင်ငံအဝှမ်းရှိ ခုခံတော်လှန်စစ် ဆင်နွှဲနေကြတဲ့ တော်လှန်ရေးအင်အားစုအတွေအနေနဲ့လည်း တိုက်ပွဲပုံဖော်မှုတွေ နဲ့ လူထုလှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ ဗျူဟာကျကျ ဖော်ဆောင်သွားမယ်လို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။  

1027 စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ ဧရာဝတီလူငယ်များသမဂ္ဂ၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ၊ ယောကာကွယ်ရေးတပ် - YDF၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မကွေးဒေသအတွင်းရှိ လူထုတိုက်ပွဲကော်မတီသပိတ်ကော်မတီ၊ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို - မိုးကြိုးပျောက်ကြားတပ်ဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ချင်းအမျိုးသားတပ်ဦး၊ ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ၊ ယောလူထု တိုက်ပွဲကော်မတီ၊ ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲကော်မတီတို့က ကြိုဆိုထောက်ခံကြောင်းထုတ်ပြန်ထားပါတယ်။

"ကျနော်တို့လည်း အားကျတာပေါ့။ ဒီလိုအောင်မြင်မှုတွေရဖို့လည်း တပ်ကိုကောင်းကောင်း တည်ဆောက်နေတယ်။ ဒီစစ်ဆင်ရေးက အပြောင်းအလဲတခုခုကို ဖြစ်စေလိမ့်မယ်" လို့ ဝက်လက်မြို့နယ်အခြေစိုက် GZ Special Task Force ခေါင်းဆောင် ကိုဂျီဇက်က ပြောပါတယ်။

အညာဒေသမှာလည်း ဒီလိုစစ်ဆင်ရေးဖော်ဆောင်နိုင်ဖို့ အမိန့်နာခံမှုအားကောင်းတဲ့တပ်တွေအဖြစ် တည်ဆောက်ဖို့လိုတယ်လို့ ဆိုပါတယ်။

"လက်နက်ကိုင်တော်လှန်သူအားလုံးဟာ တပ်ဖွဲ့ကို စစ်တပ်နဲ့တူအောင် ဖွဲ့ဖို့လိုတယ်။ လိုချင်တဲ့ပန်းတိုင်၊ ရည်မှန်းချက်တွေ ပြည့်ဖို့ဆိုရင် အရပ်သားဆန်ဆန်တိုက်လို့ကတော့ ပန်းတိုင်ရောက်ဖို့ ဝေးသွားမယ်" လို့ ကိုဂျီဇက်က ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက်တွင်လည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်မတော် (AA)တို့ တိုက်ပွဲတွေဖြစ်ပွားပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကိုင်းတိုင်းအတွင်းကိုပါ တိုက်ပွဲတွေဖော်ဆောင်နေပြီဖြစ်တယ်လို့ အောက်တိုဘာ ၃၀ ရက်က စာထုတ်ပြန်ခဲ့ပါတယ်။

ထီးချိုင့်မြို့နယ်တိုက်ပွဲမှာ မဟာမိတ်အဖွဲ့မှ AA က ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် လေကြောင်းပစ်ကူတွေပါ ယူနေရတာဖြစ်ပါတယ်။ 

စစ်ကိုင်းအတိုင်းအထိပါ စစ်ရေးဖော်ဆောင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးကို စစ်ကိုင်းဖိုရမ်ကလည်း ကြိုဆိုပြီး စစ်ဆင်ရေးနဲ့အတူ ဒေသအတွင်း ဟန်ချက်ညီ စစ်ဆင်ရေးတွေကို ညှိနှိုင်းဖော်ဆောင်သွားမယ်လို့ အောက်တိုဘာ ၃၀ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

အညာဒေသမှာ လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့တွေ အများအပြားရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပတဲ့ NUG ရဲ့ ၃၄/၂၀၂၃ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့အတူ မဟာမိတ် ပူးပေါင်း တပ်များက “၁၀၂၇ စစ်ဆင်ရေးကြီး” ကို မဟာဗျူဟာကျကျ ဆင်နွှဲနေတာဟာ အင်မတန်မှ စိတ်အား တက်ဖွယ်ရာကောင်းကြောင်း၊ တော်လှန်ရေး အောင်မြင်မှုဟာ အဖွဲ့တွေအားလုံးကြား နားလည်မှုရှိရှိ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာခြင်းနဲ့ တိုက်ရိုက်အချိုးကျတာကြောင့် မိမိတို့အနေနဲ့ မဟာမိတ်ဆက်ဆံရေး ဒီထက်ပိုပြီး အားကောင်းခိုင်မာစေဖို့နဲ့ နိုင်ငံတဝန်းမှာ မဟာဗျူဟာကျကျ ဟန်ချက် ညီစွာ “တသံတည်းညီ တချီတည်းရုန်း” ကြဖို့ ဆထက်တပိုး အားထုတ်သွားရမယ်လို့ ပြောကြာခဲ့ပါတယ်။ 

၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကတင်ကာ နိုဝင်ဘာ ၂ ရက် ဒီနေ့အထိ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ပြီး စစ်ကောင်စီရဲ့သံချပ်ကာကား စုစုပေါင်း ၆ စီးအား သိမ်းဆည်းရရှိထားပြီ ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မြောက်ပိုင်းညီနောင်မဟာမိတ် #၁၀၂၇စစ်ဆင်ရေး #အညာဒေသ   #NUG  #GZSpecial  #ရက္ခိုင့်တပ်မတော်  #AA #ထီးချိုင့် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10