96 Soldiers LPDF ကို မြို့နယ်အတွင်းနေထိုင်ခွင့် မပြုကြောင်း NUG လက်အောက်ခံ မြို့နယ်ပကဖက စာထုတ်

96 Soldiers LPDF ကို မြို့နယ်အတွင်းနေထိုင်ခွင့် မပြုကြောင်း NUG လက်အောက်ခံ မြို့နယ်ပကဖက စာထုတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲကမြို့နယ်တခုမှာ အခြေစိုက်နေတဲ့ 96 Soldiers (LPDF)အဖွဲ့ကို NUG လက်အောက်ခံ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေထိုင်ခွင့်မပြုတော့ကြောင်း ဇူလိုင် ၂၄ ရက်မှာ စာထုတ်ပြန် အကြောင်းကြားလာတယ်လို့ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်က ပြောပါတယ်။

ထုတ်ပြန်ချက်မှာ 96 Soldiers (LPDF)အဖွဲ့အခြေစိုက်တဲ့မြို့နယ်ကို မဖော်ပြထားသလို ဘယ်မြို့နယ်ပကဖအဖွဲ့က စာထုတ်တယ်ဆိုတာကိုလည်း ဖော်ပြမထားပေမယ့် မြေလတ်အသံ သတင်းဌာနရဲ့ သီးခြားစုံစမ်းမှုအရတော့ ဒီပဲယင်းမြို့နယ်က ထုတ်ပြန်တာလို့ သိရပါတယ်။ 

NUG အစိုးရရဲ့ ညွှန်ကြားချက်အောက်မှာမရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆက်သွယ်တာ၊ ဝင်ရောက်နေထိုင်တာ စတဲ့ကိစ္စနဲ့ပတ်သက်လို့ မြို့နယ်ထဲမှာ အခြေချနေထိုင်ရန် ရွေ့ပြောင်းလာတဲ့ ကိုဇေယျာလွင်ဦးဆောင်တဲ့ 96 Soldiers (LPDF) အဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန အမှတ်( ၁) စစ်ဒေသရဲ့ ညွှန်ကြားချက်အရ အခြေချနေထိုင်ခွင့်မပြုတော့ကြောင်း မြို့နယ်ပကဖ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

"ဒီကနေ့အချိန်ထိ တိတိကျကျဖြေရှင်းပေးတာ မရှိသေးဘူးဗျ။ ကျနော်က အောက်ခြေမှာညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ပကဖကတော့ တခြားအဖွဲ့တွေလာနေတုန်းက ပြဿနာတွေဖြစ်လို့ ကျနော်တို့ အဖွဲ့ကိုလည်း ပြဿနာဖြစ်မှာစိုးလို့ နေထိုင်ခွင့်မပြုဆိုတဲ့ အကြောင်းရင်းပဲပြောတယ်" လို့ 96 Soldiers (LPDF) ခေါင်းဆောင် ကိုဇေယျာလွင်က ဆိုပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်လို့ NUG လက်အောက်ခံ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကိုင်းတိုင်းတာဝန်ခံတွေကို ဆက်သွယ်ပြီး ဖြေရှင်းနေပေမယ့် စာထုတ်ပြန်တဲ့ မြို့နယ်ပကဖဘက်က တိတိကျကျဖြေရှင်းပေးတာ မလုပ်ပေးသေးတာကြောင့် မြို့နယ်ထဲကနေ မထွက်ခွာရသေးဘူးလို့ 96 Soldiers (LPDF) ခေါင်းဆောင် ကိုဇေယျာလွင်က ပြောပါတယ်။

အလားတူ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကို မြေလတ်အသံသတင်းဌာနက ဖုန်းနဲ့မေးမြန်ရာ "သူ့အနေနဲ့ မအားသေးတာကြောင့် ကျေးဇူးပြုပြီးတော့ မဖြေနိုင်သေးပါဗျ"လို့ ပြောဆိုကာ ဖုန်းချသွားခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘို #96 Soldiers (LPDF)အဖွဲ့ #ဒီပဲယင်းမြို့နယ် #ဇေယျာလွင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10