ABSDF ၃၆ နှစ်ပြည့် နှစ်ပတ်လည်မှာ ခေါင်းဆောင်တွေ ဘာပြောသလဲ (အင်တာဗျူး)

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော်-ABSDF ဟာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုင်းရင်းသားဒေသတွေမှာသာမက အညာဒေသမှာပါ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ကျောင်းသားတပ်ရယ်လို့ အမည်သတ်မှတ်ထားပေမယ့် ABSDF တပ်ဖွဲ့မှာ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား စတဲ့လူတန်းစားမျိုးစုံ ပါဝင်ပြီး မျိုးဆက်ဟောင်းရဲဘော်တွေက အတွေ့ကြုံတွေမျှဝေကာ မျိုးဆက်သစ်ရဲဘော်တွေကို လက်တွဲခေါ်ရင်း စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဒီကနေ့ထိ တိုက်ပွဲဝင်နေကြပါတယ်။ 

၁၉၈၈ လူထုတော်လှန်ရေးကာလမှာတော့ ABSDF တပ်ဖွဲ့ဟာ တိုင်းရင်းသားဒေသက တောတောင်တွေထဲမှာသာ တိုက်ပွဲတွေဝင်ခဲ့ရပြီး ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလမှာတော့ မြေပြန့်ဒေသတွေမှာပါ စစ်ရေးနယ်မြေဖြန့်ကျက်ကာ မဟာမိတ်တပ်တွေနဲ့အတူ စခန်းသိမ်းပွဲတွေ၊ မြို့သိမ်းပွဲတွေ ဖော်ဆောင်နေတာပါ။

၂၀၂၁ နှစ်ကုန်၊ ၂၀၂၂ အစောပိုင်းကာလမှာ မြေလတ်ဒေသကို စတင်အခြေချခဲ့ကြတာဖြစ်ပြီး အစပိုင်းမှာတော့ နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ခံကြိုဆိုမှုတွေကလည်း နည်းပါးခဲ့တာကြောင့် တပ်ဖွဲ့တွေကြား အချိန်ယူကာ နားလည်မှုတည်ဆောက်ခဲ့ရပြီး ဒီကနေ့မှာတော့ မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်တာတွေရှိသလို တပ်ပေါင်းစုတွေအနေနဲ့ စစ်ရေးလှုပ်ရှားတာတွေလည်း ရှိနေပြီလို့ ဆိုပါတယ်။

ABSDF တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ စစ်ကြောင်း ၁၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း ထိစပ်ဒေသတွေမှာ စစ်ကြောင်း ၂၊ မကွေးတိုင်းမှာ စစ်ကြောင်း ၃၊ အိန္ဒိယနယ်စပ် တမူးဒေသမှာ တပ်ရင်း ၅ အဖြစ် အခြေစိုက်ကာ စစ်ရေးလှုပ်ရှားနေသလို တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တနင်္သာရီစစ်ကြောင်း၊ ဒေါင်းတမာန်စစ်ကြောင်းတွေ အနေနဲ့လည်း တိုက်ပွဲဝင်နေကြပါတယ်။ 

ABSDF တပ်ဖွဲ့ဟာ မိုးမိတ်၊ မဘိမ်း၊ မံစီ၊ မြတောင်၊ တကောင်း၊ တွင်းငယ်၊ မော်လူး၊ အင်းတော်၊ ထီးချိုင့် စတဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်တွေနဲ့အတူ ပါဝင်ဆင်နွှဲနေတာဖြစ်ပြီး ဂန့်ဂေါ၊ ပုလဲ၊ ကနီ၊ မြိုင်၊ ပေါက်၊ ပခုက္ကူ၊ ကံမ စတဲ့ဒေသတွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်နေတာပါ။

၁၉၈၈ လူထုတော်လှန်ရေးမှာ စတင်တည်ထောင်ခဲ့တဲ့ ABSDFတပ်ဖွဲ့ဟာ ဒီကနေ့မှာတော့ ၃၆ နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ၃၆ နှစ်တာကာလအတွင်း ရဲဘော် ၈၂၆ ဦး ကျဆုံးခဲ့သလို ၄၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ၃၆ နှစ်ပြည့် နှစ်ပတ်လည်မှာ ABSDF နဲ့ ပတ်သက်ပြီး ဦးဆောင်သူ ABSDF ဒုဥက္ကဌ ရဲဘော် လဆိုင်းနဲ့ စစ်ကြောင်း ၃ စစ်ကြောင်းမှူး ရဲဘော် မင်းဌေး တို့ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#အင်တာဗျူး #ABSDF #၃၆နှစ်ပြည့် #နှစ်ပတ်လည် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10