BNRA က နိုင်ငံရေးအခြေခံမူများထုတ်ပြန်၊ တော်လှန်ရေးအလွန် လက်နက်ဖျက်သိမ်းရေးကို ထည့်သွင်းဖော်ပြ

BNRA က နိုင်ငံရေးအခြေခံမူများထုတ်ပြန်၊ တော်လှန်ရေးအလွန် လက်နက်ဖျက်သိမ်းရေးကို ထည့်သွင်းဖော်ပြ

စစ်ကိုင်းတိုင်းအတွင်းအခြေချလှုပ်ရှားနေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ဟာ ဧပြီ ၁၇ ရက်က နိုင်ငံရေးအခြေခံမူများကို ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီထုတ်ပြန်ချက်ထဲမှာ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြောက်တဲ့အစိုးရလက်ထက်မှာ လက်နက်တွေအပ်နှံရေးကိစ္စကိုပါ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ 

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ဟာ တိုင်းရင်းပြည်သူအားလုံးရဲ့ တရားမျှတလွတ်လပ် ငြိမ်းချမ်းမှုကိုမျှော်ရည်၍ ဖွဲ့စည်းတည်ထောင်ထားတဲ့ တော်လှန်ရေးတပ်တခုဖြစ်ပြီး အနာဂတ် ပြည်ထောင်စုနိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူအားလုံးအတွက် ခိုင်ကြည်ပြတ်သားတဲ့ နိုင်ငံရေးအခြေခံမူတွေကို ၂၀၂၂/၂၀၂၃ ကတည်းကပင် ‌ချမှတ်ထားကာ ယင်းမူတွေအတိုင်းရပ်တည်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တချို့သောအခြေအနေတွေကြောင့် ထုတ်ပြန်ခြင်းမရှိခဲ့သော်လည် အခုအချိန်ကာလမှာ အဖွဲ့အစည်း အသီးသီးမှ မိမိတို့ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ မူဝါဒတွေကို ပွင့်လင်းမြင်သာစွာချပြ၍ ညီနောင်အင်အားစုတွေ ပေါင်းစည်းကာ တော်လှန်ရေးအဟုန်ကို မြန်မြန်ဆန်ဆန်မြှင့်တင်ပြီး မြန်မြန်ဆန်ဆန်အပြီးသတ်ရန် လိုအပ်လာပြီဟုယူဆသဖြင့် BNRA ရဲ့ ကြေညာစာတမ်းကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အထက်ပါ ထုတ်ပြန်ချက်မှာ စာမျက်နှာ ၁၃ မျက်နှာပါရှိပြီး အညာဒေသ သမိုင်းနောက်ခံ၊ မျက်မှောက်ခေတ် နိုင်ငံရေးသုံးသပ်ချက်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ BNRA ရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေအပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ်ရဲ့ ပြည်ထောင်စုပုံစံ၊ ပြည်ထောင်စုရဲ့ ပြည်နယ်များ၊ ပြည်ထောင်စုရဲ့ မဏ္ဍိုင်သုံးရပ်၊ ပြည်ထောင်စုလုံခြုံရေး(ကာကွယ်ရေး)စနစ်နဲ့ ကွန်ဖက်ဒရိတ်မူစတဲ့ အကြောင်းအရာ ၁၆ ခုကို ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ 

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာလည်း တပ်နဲ့တပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးကာလပြီးမြောက်ချိန် ဖက်ဒရယ်ဒီမိုရေကရေစီဖွဲ့စည်းပုံအရ ဒီမိုကရေစီနည်းလမ်းတကျရွေး ကောက်တင်မြောက်တဲ့ အစိုးရထံမှာ လက်နက်တွေအပ်နှံမှာဖြစ်ကြောင်း၊ BNRA တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထု အပေါ်မှာ ဖြစ်စေ၊ အခြားအဖွဲ့အစည်းတခုခုအပေါ်မှာဖြစ်စေ ပြစ်မှုတစုံတရာကျူးလွန်ခဲ့ပါက စစ်ဘက်၊ အရပ်ဘက်ဥပဒေနှစ်ရပ်လုံးနဲ့ အရေးယူသွားမှာဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ပြည်သူလူထုအပေါ် အနိုင်ကျင့်ထိပါးစော်ကားလာပါက ပြည်သူ့ရှေ့မှ ရပ်တည်ရင်ဆိုင်သွားမယ့် အကြောင်းနဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဖက်ဒရယ်တပ်မတော်တွင် တာဝန်ထမ်းဆောင်လိုပါကလည်း ခွင့်ပြုကူညီသွားမယ့်အကြောင်း BNRAရဲ့ နိုင်ငံရေးမူဝါဒမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် #BNRA #ဖက်ဒရယ် #ပြည်ထောင်စု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10