BNRA က လက်နက်ထောက်ပံ့ပေးတာကြောင့် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ BNRA နဲ့ ပူးပေါင်း

BNRA က လက်နက်ထောက်ပံ့ပေးတာကြောင့် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ BNRA နဲ့ ပူးပေါင်း

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ တပ်ရင်း ၁ ရင်းစာအင်အားရှိတဲ့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ BNRA က လက်နက်ထောက်ပံ့ပေးတာကြောင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAနဲ့ ပူးပေါင်းလိုက်တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က ဇန်နဝါရီ ၃၀ ရက်က လက်နက်တချို့ချပေးခဲ့တာကြောင့် တပ်ရင်း ၁ ရင်းစာအင်အားရှိတဲ့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ BNRA နဲ့ ပူးပေါင်းပြီး အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့တပ်ဖွဲ့က တပ်ရင်း ၁ ရင်းစာရှိတယ်။ လက်ရှိတပ်ခွဲမှူး၊ တပ်စိတ်မှူး၊ တပ်ရင်းဗိုလ်တွေကို အသစ်ပြန်လည်ရွေးထုတ်ပြီးတော့ သင်တန်းပေးနေပါတယ်။ အရာရှိတွေ၊ တပ်စိတ်မှူးတွေကိုတော့ လက်နက်ချပေးထားတယ်။ မောင်းပြန်အမျိုးအစား လက်နက်တချို့ချ ပေးထားတယ်” လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

အညာဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာမယ့်အခြေအနေတွေရှိပြီး တကယ်အလုပ်လုပ်ဖို့နဲ့ စနစ်တကျခိုင်မာတဲ့ တပ်အင်အားတခု ကြီးထွားပေါ်ပေါက်လာဖို့ လိုအပ်တဲ့အတွက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဦးဆောင်မှုနဲ့အတူ ရှေ့ဆက်တော်လှန်ရေးများကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့အခက်အခဲတွေ ကြုံခဲ့ပြီးပြီ။ လက်ရှိတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ထဲကို မြေပြင်က Local တွေ ပူးပေါင်းပါဝင်လာကြတယ်” လို့ သခင်ဒေါင်းညိုက ဆိုပါတယ်။ 

သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တပ်ရင်းစာရင်းတင်ပေးထားပေမယ့် တပ်ရင်းမကျသေးတဲ့ ဒေသကာကွယ်ရေးတပ်ရင်းတခုလည်း ဖြစ်ပါတယ်။ 

သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ တည်ထောင်ခဲ့တာဟာ ၃ နှစ်ပြည့်သွားပြီဖြစ်ပြီး ပုလဲမြို့နယ်မှာ အဓိက အခြေစိုက်တဲ့ တပ်ရင်းတခုလည်းဖြစ်ပါတယ်။ 

အဲဒီ ၃ နှစ်တာကာလအတွင်း ပြည်သူလူထုထောက်ပံ့ပေးမှုတွေနဲ့သာ ကိုယ်ထူကိုယ်ထ တပ်ဖွဲ့ကို လက်နက်တပ်ဆင်ခဲ့တာဖြစ်ပြီး BNRA မှ ပေးအပ်ခဲ့တဲ့ လက်နက်တချို့က လွဲလို့ မည်သည့်အဖွဲ့ကမှ ထောက်ပံ့ပေးခဲ့တာမရှိဘူးလို့ သခင်ဒေါင်းညိုက ပြောပါတယ်။ 

“ရှေ့လာမဲ့ အနာဂတ်တော်လှန်ရေးမှာ အညာရဲ့အခြေအနေက ဒီထက်ပိုပြီး ပြင်းထန်လာမယ်လို့ ယူဆပြီးတော့ ပြည်သူမျှော်မှန်းတဲ့ လိုချင်တဲ့အနာဂတ်ပန်းတိုင်ကိုလည်း ကျနော်တို့ အမြန်ဆုံးရောက်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် ပူးပေါင်းလိုက်ရတာပါ” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ခေါင်းစဉ်အောက်ကနေ တော်လှန်ရေးဆက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ပုံစာ - သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဗျူဟာမှူး သခင်ဒေါင်းညို။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ #BNRA #ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10