Bagan Ogre Force ရဲ့ လက်နက်တဲဆောင် စီးနင်းခံရလို့ PDF ၁ ဦးအပါ ၇ ဦးသေဆုံးပြီး လက်နက်တွေဆုံးရှုံး

Bagan Ogre Force ရဲ့ လက်နက်တဲဆောင် စီးနင်းခံရလို့ PDF ၁ ဦးအပါ ၇ ဦးသေဆုံးပြီး လက်နက်တွေဆုံးရှုံး

မန္တလေးတိုင်းအခြေစိုက် Bagan Ogre Force ရဲ့ လက်နက်သိုလောင်ထားတဲ့ ယာယီတဲဆောင်တခု ဇူလိုင်လ ၁၃ ရက်မနက် ၄ နာရီကျော်မှာ စီးနင်းခံရပြီး PDF ၁ ဦးအပါအဝင် အမျိုးသား ၇ ဦး သေဆုံးကာလက်နက်တွေဆုံးရှုံးခဲ့ရတယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

လက်နက်တဲဆောင်မှာ ညောင်ဦးမြို့နယ်၊ သနပ်ပင်ကျေးရွာအနီးမှာဖြစ်ပြီး စစ်ကောင်စီအင်အား ၁၀၀ ကျော်က ဝင်ရောက်စီးနင်းကာ အနီးအနားကဒေသခံတွေရဲ့လယ်တဲတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ တဲမှာက အစောင့်၂ယောက်ထားတာ။ ၁ ယောက်ကအဖမ်းခံရလို့ အသတ်ခံလိုက်ရပြီ။ ကျန်တယောက်ကတော့ ထွက်ပြေး လွတ်မြောက်လာခဲ့တယ်။ အဲအနားက လယ်တဲတွေက ၆ ယောက်ကိုလည်းပစ်သတ်ခဲ့တယ်"လို့ Bagan Ogre Force မှ ပြန်ကြားရေးတာဝန်ခံ ဇီးကွက်က မြေလတ်အသံကိုပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်ဒီကနေ့မှာလည်း သနပ်ပင် ကျေးရွာအနီးကို စစ်ကောင်စီကား ၆ စီးထပ်ရောက်ရှိလာခဲ့ပြီး ကျေးရွာကဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေသေးတာကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ရွာအနီးကို ကပ်လို့မရသေးဘူးလို့ ကိုဇီးကွက်က ပြောပါတယ်။

"အဲ့နားမှာ ဒေသခံတွေက တောင်သူတွေများတယ်။ တဲဆောက်ပြီးတော့ နေကြတာ။ အဲတဲတွေကိုပါ မီးရှို့တာ။ အခုဆို ဘာတခုမှကျန်တော့မှာမဟုတ်ဘူး။ ဒေသခံတွေအသတ်ခံရတာတွေ ထပ်ရှိနိုင်သေးတယ်"လို့ ဆိုပါတယ်။

အခုလိုလက်နက်သိုလှောင်တဲ့ ယာယီတဲဆောင် စီးနင်းခံလိုက်ရတာဟာ စစ်ကောင်စီသတင်းပေးတဦးကြောင့်ဖြစ်ပြီး လက်ရှိမှာတော့ သတင်းပေးကို စုံစမ်းသိရှိထားပြီဖြစ်တယ်လို့ ကိုဇီးကွက်က ဆိုပါတယ်။

ဆုံးရှုံးခဲ့ရတဲ့လက်နက်တွေကတော့ KIA ထုတ် ပါရီ ၇ လက်၊ ကျည်ဘောက် ၂၄ ခု၊ 7.62 ကျည် ၂၀၀၀ နီးပါး၊ 380 ပစ္စတို ၁ လက်၊ 380 ကျည်၊  ၉မမ ကျည် ၇၀ ကျော်၊ လက်ပစ်ဗုံ ၁၀ လုံးနဲ့ မိုင်းဆက်စပ်ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #PDF #စစ်ကောင်စီ #စခန်းစီးနင်းမှု #လက်နက်ပစ္စည်း #ဆုံးရှုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10