CDM ဝင်လာတဲ့စစ်သားက ၃ လအကြာမှာ သေနတ် ၄ လက်ယူပြီး စစ်ကောင်စီထံပြန်ခိုလှုံ

CDM ဝင်လာတဲ့စစ်သားက ၃ လအကြာမှာ သေနတ် ၄ လက်ယူပြီး စစ်ကောင်စီထံပြန်ခိုလှုံ

စစ်ကိုင်းတိုင်း တမူးမြို့နယ် PDF-Tamu တပ်ရင်း-၄ကို CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ၃ လအကြာမှာ PDF စခန်းက သေနတ် ၄ လက်ယူပြီး စစ်ကောင်စီတပ်ဆီမှာ ပြန်ခိုလှုံသွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စအရ ၉၁၆ စစ်မြေပြင် BEတပ်က တပ်သား နန်းဦး (ခ) တိုးတက်ထွန်းနဲ့အတူ သူ့ရဲ့ ဇနီးဖြစ်သူ မအိမြတ်ခင်လည်း ပါလာပြီး PDF-Tamu ဆီမှာ CDM ပြုလုပ်ခဲ့တာပါ။

တပ်သား နန်းဦးကို CDM ဝင်လာတဲ့ရက်ကစပြီး ၁ လကျော်ကြာ စောင့်ကြည့်ပြီး တိုက်ပွဲတခု ဖော်ဆောင်အပြီးမှာ တွဲဖက်စစ်ကြောင်းမှူး ရာထူးပေးထားပြီးနောက်ပိုင်း အခုလ ဧပြီ ၂၄ ရက်မှာ သေနတ် ၄ လက်ယူပြီး ထွက်ပြေးသွားခဲ့တာလို့ PDF-Tamu တာဝန်ရှိသူတဦးက ပြောပါတယ်။

"နန်းဦးကို စစ်ကြောင်းမှူးခန့်ထားတာဆိုတော့ ကျနော်တို့ကလည်း ကင်းသွားနေတဲ့အချိန်မှာ ရဲဘော်တွေရဲ့ လက်နက်တွေကိုစစ်ဆေးမယ်လို့ ထောင်ထားတဲ့အချိန်မှာ ၄ လက်ယူပြီးထွက်ပြေးသွားတာ။ ကျနော်တို့က သူ့ကိုစောင့်ကြည့်နေတဲ့အခိုက်အတန့်မှာ ထွက်ပြေးသွားတာ" လို့ ဆိုပါတယ်။

တပ်သား နန်းဦး ထွက်မပြေးခင် သူ့ရဲ့အမျိုးသမီးဖြစ်သူ မအိမြတ်ခင်က ဧပြီ ၁၇ ရက်မှာ အရင်ထွက်ပြေးသွားခဲ့တာဖြစ်ပြီး တပတ်အကြာမှာ တပ်သား နန်းဦးက AK-1 ၄ လက်ယူပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့နောက်မှ သိရတာက သူ့မိသားစုတွေ အကုန်လုံးက ပျူမိသားစုတွေ ဖြစ်တယ်။ တခြား PDFအဖွဲ့တွေအနေနဲ့လည်း အခုလိုမျိုး CDMဝင်လာတဲ့သူတွေရှိလာရင်လည်း မယုံကြည်ကြဖို့ကို ပြောချင်ပါတယ်" လို့ ဆိုပါတယ်။

လက်ရှိ တပ်သား နန်းဦးဟာ ကလေးမြို့အခြေစိုက် ခလရ ၂၂၈ က တပ်စွဲထားတဲ့ တမူးမြို့တပ်ကုန်းမှာ ခိုလှုံနေတယ်လို့သိရပါတယ်။

စာတည်း - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10