CDM ကျောင်းသား ၆,၀၀၀ ကျော်ကို မသမာမှုဟုဆိုကာ အခြေခံပညာပြီးမြောက်ကြောင်းအသိမှတ်ပြု လက်မှတ်မထုတ်ပေးလို့ NUG ပညာရေးဝန်ကြီးဌာနဝေဖန်ခံနေရ

CDM ကျောင်းသား ၆,၀၀၀ ကျော်ကို မသမာမှုဟုဆိုကာ အခြေခံပညာပြီးမြောက်ကြောင်းအသိမှတ်ပြု လက်မှတ်မထုတ်ပေးလို့ NUG ပညာရေးဝန်ကြီးဌာနဝေဖန်ခံနေရ

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ၂၀၂၃ ဖေဖော်ဝါရီကနေ အောက်တိုဘာလထိ ကျင်းပခဲ့တဲ့ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ် စာမေးပွဲအောင်စာရင်းကို ဖြေဆိုပြီး ၁ နှစ်ကျော်အကြာမှာ ထုတ်ပေးနိုင်ခဲ့ပေမယ့် CDM ကျောင်းသား ၆,၀၀၀ ကျော်ကို မသမာမှုစည်းကမ်းချက်နဲ့ ငြိတယ်ဟုဆိုကာ အသိမှတ်ပြုလက်မှတ် မထုတ်ပေးလို့ ပညာရေးဝန်းကြီးဌာန(MOE) အပေါ် ဝေဖန်မှုတွေ မြင့်တတ်နေတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကျင်းပတဲ့စာမေးပွဲကို ဖြေဆိုခဲ့တဲ့ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အင်တာနက်လိုင်းရဖို့ သစ်ပင်ပေါ်တက်ပြီး ဖြေဆိုရတာ၊ မြစ်ဆိပ်နားသွားပြီး ဖြေဆိုရတာမျိုးတွေလုပ်ခဲ့ရသလို မီးမရတဲ့အတွက် ဖယောင်းတိုင် မီးထွန်းပြီးဖြေဆိုရတဲ့အခြေအနေတွေရှိတဲ့ အတွက် ကလေးတွေမှာ စိတ်ပန်း၊ လူပန်းနဲ့ ဖြေဆိုခဲ့ရတာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်ထဲက ကျောင်းသား မိခင်တဦးက ပြောပါတယ်။ 

“စည်းကမ်းချက်တချို့နဲ့ ကိုက်ညီမှာ မဟုတ်ဘူး၊ မကိုက်ညီဘူးဆိုရင် အဲချိန်ထဲက ပယ်ချလိုက်။ ခုက တနှစ် ကျော်မှ အဲလိုလာလုပ်တော့ ပြောရမယ်ဆိုရင် မိုက်ရိုင်းတာ စော်ကားတာ။ ကလေးတွေရဲ့ မျှော်လင့်ချက်တွေ ရော တက်လမ်းတွေရော အကုန်လုံးကို ရိုက်ချိုးပစ်လိုက်တာ။” လို့ သူက ဆက်ပြောပါတယ်။ 

ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ် စာမေးပွဲကို ၂၀၂၃ ဖေဖော်ဝါရီကနေ ဧပြီလအထိကာလကို ပထမအကြိမ်၊ သြဂုတ်ကနေ အောက်တိုဘာအထိ ကာလကို ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့ပြီး (online/offline) လျှောက်ထားသူ ၇၅,၀၀၀ ရှိတဲ့အနက် ၊ ဘာသာစုံဖြေဆိုသူ ၅၆,၀၀၀ ရှိပြီး၊ online ဖြေဆိုသူ ၁၀,၇၉၂ ဦး လက်မှတ်ရရှိကာ ၆,၁၈၆ ဦးကတော့ စည်းကမ်းချက်နဲ့ မကိုက်ညီတဲ့အတွက် အသိမှတ်ပြု လက်မှတ် မရရှိဘူးလို့ မေ ၁၁ ရက်က ထုတ်ပြန်တဲ့ MOE ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Online ကနေ စာမေးပွဲဖြေဆိုသူတွေအနေနဲ့ ဖြေဆိုစဥ် သီးသန့်စာဖြေခန်းရှိရန်၊ မျက်နှာကို ကင်မရာမှာ ကောင်းစွာမြင်ရရန်၊ ဖြေဆိုနေချိန်အတွင်း ပတ်ဝန်းကျင်မှာ ကျောင်းသားတဦးထဲရှိရန်၊ မေးခွန်းတွေကို မှတ်တမ်းတင်ထားတာမျိုး မလုပ်ရန်စတာတွေအပြင် စည်းကမ်းချက်တွေ ချမှတ်ထားပြီး မဖြေဆိုခင် ဆရာ၊ ဆရာမတွေကို အသိပေးတာတွေရှိပေမယ့် မြေပြင်ကို ထိထိရောက်ရောက် ဖြန့်ဝေနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

“MOEက လုပ်ပေးတဲ့ အသိပေးပွဲတွေမှာ ဆရာ၊ ဆရာမ ဘယ်လောက်တတ်နိုင်လို့လဲ၊ နယ်မြေထဲမှာ ဘယ်လောက်ပြန်ဖြန့်နိုင်လို့လဲ၊ ကျောင်းသူ ကျောင်းသားတွေက ဒါက ပြစ်မှုကျူးလွန်လားဆိုတာတောင် မသိဘဲလုပ်ကြရတာ၊ ဖြေချင်သလိုဖြေ လွှတ်ပေးလိုက်ပြီး ခုကျမှ သူတို့ထုတ်ပြန်တဲ့ စည်းကမ်းတွေနဲ့ ပြန်ကိုင်တော့ ကလေးတွေအတွက်က အလုပ်မဖြစ်ဘူး” လို့  CDMကလေးတွေကို စာသင်ကြားပေးနေတဲ့ ကျောင်းဆရာတဦးက ပြောပါတယ်။

တော်လှန်ရေးကာလထဲမှာ စာသင်နေတယ်ဆိုတဲ့ ပုံစံမျိုးကို ထောက်ပံ့ပေးနိုင်တဲ့ လက်မှတ်မျိုးဖြစ်သင့်တာ ကြောင့် အခုလိုလုပ်လိုက်တာဟာ “မလုပ်နိုင်တဲ့အရာကြီးကို အကြီးကြီးလုပ်ပြီး ကျောင်းသားတွေနဲ့ မိဘတွေရဲ့ စိတ်ကို သတ်သလိုမျိုးဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။ 

ပညာရေး ဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်ကလည်း အတတ်နိုင်ဆုံး စည်းကမ်းတွေကို လျော့ချပေးထားပြီး စည်းကမ်းချက်ကို သိသိသာသာဖောက်ဖျက်တာ၊ အများစုဖောက်ဖျက်တဲ့ ကျောင်းသားတွေကိုသာ စည်းကမ်းနဲ့ မကိုက်ဘူးလို့ သတ်မှတ်ကာ လက်မှတ်ထုတ်မပေးတာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက မေ ၁၆ ရက် ဒီနေ့မှာလုပ်တဲ့ Information Sharing Session  (MOE live) မှာပြောပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့နယ်ထဲက CDMကျောင်းဆရာတဦးက  “ဘယ်လိုတိုင်းတာကြလဲ မသိပါဘူး၊ ‌ဖြေပြီးပြီးချင်း အခုလို ရလဒ်မထုတ်ဘူး၊ အခုမှ ထုတ်လာတာ၊ အမှတ်စာရင်းကကျ ဖြေပြီး တန်းထွက်တာ အောင်မှတ်အကျော်တွေချည်း၊ အဲတော့ အောင်တယ်ပဲ တွက်ထားတာပေါ့ ၊ အခုက အမှတ်နဲ့မဆိုင်ဘဲ မသမာသတ်မှတ်‌ပြီး အောင်လက်မှတ်မပေးတော့တာ၊ ကလေးတွေဘက် အခြေအနေ မကြည့်ကြတာပေါ့။” လို့ ပြောပါတယ်။

အသိမှတ်ပြုလက်မှတ်မရရှိတဲ့ ကျောင်းသားတွေအနေနဲ့လည်း ဖြေရှင်းခွင့်တောင်းခံလိုပါက ကျပ် ၃၀,၀၀၀ ပေးပြီး ရလဒ်ကိုပြန်စစ်ဆေးနိုင်မှာဖြစ်ပြီး အဲ့ဒီလို ငွေကြေးသတ်မှတ်ရခြင်းက မသမာမှုမလုပ်ဘဲ စည်းကမ်းနဲ့ အညီဖြေဆိုတဲ့ ကျောင်းသားတွေသာ ပြန်လျှောက်တင်နိုင်အောင် ကန့်သတ်လိုက်တဲ့သဘောဖြစ်တယ်လို့ သိရပါတယ်။ 

စာမေးပွဲဖြေဆိုခဲ့တဲ့ ကျောင်းသားမိခင် တဦးက “အမတို့ကတော့ MOE ဆိုတဲ့ အသံကို လုံးဝမလုပ်ချင် မကြားချင်တော့ဘူး၊ ပြန်ဖြေဆိုရင်လည်း ကလေးတွေက စာနဲ့လုံးဝ ဝေးသွားပြီ၊ အဆင်မပြေတော့ဘူး၊ မထားတော့ဘူး။” လို့ ပြောပါတယ်။

ပုံစာ - စစ်ရှောင်စာသင်ကျောင်းအချို့။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#အမျိုးသားညီညွတ်ရေးအစိုးရ #ပညာရေးဝန်ကြီးဌာန #စာမေးပွဲ #အောင်စာရင်း#CDM #MOE

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10