DSAကျောင်း ရှော့ဒုံးပစ်ခံရပြီးနောက် ပြင်ဦးလွင်မြို့တွင်းမှာ စစ်ကိုင်းမှတ်ပုံတင် ၅/ ကိုင်ဆောင်သူတွေကို အထူးစောင့်ကြည့်ဖို့ ညွှန်ကြား

DSAကျောင်း ရှော့ဒုံးပစ်ခံရပြီးနောက် ပြင်ဦးလွင်မြို့တွင်းမှာ စစ်ကိုင်းမှတ်ပုံတင် ၅/ ကိုင်ဆောင်သူတွေကို အထူးစောင့်ကြည့်ဖို့ ညွှန်ကြား

စစ်တပ်မြို့လို့ခေါ်ဆိုတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကိုင်းတိုင်းကိုယ်စားပြု ၅/ မှတ်ပုံတင်ကိုင်ဆောင်သူတွေကို အထူးစိစစ်စောင့်ကြည့်ဖို့ မြို့ နယ်စစ်ကောင်စီညွှန်ကြားလာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဧပြီလတတိယပတ်အတွင်းက စတင်ကာ ပြင်ဦးလွင်မြို့မှာနေထိုင်တဲ့ စစ်ကိုင်းတိုင်းမှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ ပြင်ပကနေ အလုပ်လာရောက်လုပ် ကိုင်သူတွေမှာ စစ်ကိုင်းတိုင်းမှတ်ပုံတင်ကိုင်ဆောင်သူတွေရှိရင် သက်ဆိုင်ရာရပ်ကွက်ရုံးတွေကို အကြောင်းကြားပြီး ဓာတ်ပုံနဲ့တကွမှတ်တမ်းတင်ထားရမယ်လို့ ဆိုပါတယ်။

“ထွေအုပ်ကနေတဆင့် မြို့ပေါ်က ဆိုင်ပိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြီးပြောတာပါ။ ဆိုင်တွေမှာ စစ်ကိုင်းတိုင်းမှတ်ပုံတင်ကိုင်တဲ့သူပါရင် ရပ်ကွက်ရုံးမှာ မှတ်တမ်းဓာတ်ပုံရိုက်ပြီး သေချာစာရင်းသွင်းဖို့ ပြောတယ်” လို့ ပြင်ဦးလွင်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သင်္ကြန်မတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ကို ရောက်ရှိနေချိန် ဧပြီ ၁၂ ရက် ညပိုင်းက DSA ကျောင်းနဲ့အနီးတဝိုက်ကို ရှော့ဒုံးတွေနဲ့တိုက်ခိုက်ခံရပြီးနောက် အခုလို ၅/ မှတ်ပုံတင်ကိုင်ဆောင်သူတွေကို စောင့်ကြည်စစ်ဆေးဖို့ ညွှန်ကြားလာတာလို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

“ ရှော့တိုက်ဒုံးဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပြင်ဦးလွင်ထဲကို ၅/တွေရောက်နေတယ်လို့ ယူဆတာတကြောင်း၊ ၅/အင်အားစုတွေက အလုပ်သမားအသွင်နဲ့ ဝင်နေမှာစိုးတာကြောင့် လုပ်ငန်းရှင်တွေ၊ ဟိုတယ်တွေကို ခေါ်ပြောတာမျိုးရှိတယ်လို့ သတင်းရထားပါတယ်” လို့ ပြင်ဦးလွင်မြို့နယ်မှာလှုပ်ရှားနေတဲ့ မြေပြင်ရဲဘော် ကိုဆာအိုပိုလို က ပြောပါတယ်။

စစ်ကောင်စီကိုတော်လှန်မှုအားကောင်းနေတဲ့ စစ်ကိုင်းတိုင်းဟာ မန္တလေးတိုင်းနဲ့ တဆက်တည်းတည်ရှိတာဖြစ်ပြီး စစ်ကိုင်းနဲ့မန္တလေးအစပ်နေရာဒေသတွေမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

စစ်တပ်မြို့လို့ ခေါ်ဆိုရတဲ့အထိ တပ်အင်အားကောင်းတဲ့ ပြင်ဦးလွင်မြို့ဟာ ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးတွေနဲ့ မကြာခဏတိုက်ခိုက်ခံနေရလို့ အခုလို တော်လှန်အင်အားကောင်းတဲ့စစ်ကိုင်းတိုင်းက လူတွေကို ပစ်မှတ်ထား စောင့်ကြည့်ဖို့ ညွှန်ကြားတာလို့ မြို့ခံတွေက ပြောပါတယ်။

ဓါတ်ပုံ - MDY PDF

#မြေလတ်အသံ

#ပြင်ဦးလွင် #DSA #ရှော့တိုက်ဒုံး #စစ်ကိုင်း #မှတ်ပုံတင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10