Elite ခရီးသည်တင်ယာဥ်နဲ့ ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်မောင်းသူသေဆုံး

Elite ခရီးသည်တင်ယာဥ်နဲ့ ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်မောင်းသူသေဆုံး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မကွေး-ကံပြား-နေပြည်တော်သွားကားလမ်းမှာ Elite ခရီးသည်တင်ယာဥ်နဲ့ ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်မောင်းသူ သေဆုံးသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်မနေ့ည ၇ နာရီခန့်မှာ ပေကံကုန်းကျေးရွာနဲ့ တပ်ကုန်းကျေးရွာအကြား လယ်ကွင်းထဲကနေ ကားလမ်းမပေါ်တက်လာတဲ့ ဆိုင်ကယ်ကို ကံပြားကနေ နေပြည်တော်ဘက်ကိုမောင်းနှင်လာတဲ့ Elite ခရီးသည်တင်ယာဥ်က ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ဆိုင်ကယ်သမားက လယ်ကွင်းကနေ လမ်းပေါ်အတက်၊ ကားကလည်း အရှိန်နဲ့အလာ။ ရှောင်ကြရင်းကနေ တိုက်မိတာ"လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဖြစ်စဉ်အတွင်း တပ်ကုန်းကျေးရွာနေ အသက် ၃၅ နှစ်ခန့်အရွယ် ဆိုင်ကယ်မောင်းနှင်သူ ကိုမှတ်ကြီးမှာ လက်၊ ခြေထောက်နဲ့ဦးခေါင်းတွေမှာ ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားပါတယ်။

ယာဥ်တိုက်မှုကြောင့် Elite ခရီးသည်တင်ယာဥ်ဟာလည်း ကားလမ်းမဘေးကို ထိုးကျသွားပေမယ့် ယာဥ်ပေါ်ပါခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားအလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မြို့သစ်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။

ဩဂုတ် ၂၈ ရက်နေ့ကလည်း မကွေးမြို့နယ်၊  မကွေး-ကံပြား- နေပြည်တော်သွားကားလမ်း ကျစ်စုံပွေးကျေးရွာနဲ့ ဖိုကုန်းကျေးရွာကြားမှာ လမ်းဖြတ်ကူးသူ အမျိုးသမီးကို Elite ခရီးသည်တင်ယာဥ်က ဝင်တိုက်မိလို့ လမ်းဖြတ်ကူးသူအမျိုးသမီး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မြို့သစ် #ယာဉ်တိုက်မှု #EliteExpress #လူသေဆုံးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10