Elite ခရီးသည်တင်ယာဥ် ဝင်တိုက်လို့ လမ်းဖြတ်ကူးသူ အမျိုးသမီး သေဆုံး

Elite ခရီးသည်တင်ယာဥ် ဝင်တိုက်လို့ လမ်းဖြတ်ကူးသူ အမျိုးသမီး သေဆုံး

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊  မကွေး-ကံပြား-နေပြည်တော်သွားကားလမ်း၊ ကျစ်စုံပွေးကျေးရွာနဲ့ ဖိုကုန်းကျေးရွာကြားမှာ လမ်းဖြတ်ကူးသူ အမျိုးသမီးကို Elite ခရီးသည်တင်ယာဥ်က ဝင်တိုက်မိလို့ သေဆုံးသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

ဩဂုတ် ၂၈ ရက် မနက် ၉ နာရီကျော်ခန့်မှာ မကွေးကနေ နေပြည်တော်ကို သွားမယ့် ELite ခရီးသည်တင်ယာဥ်ဟာ လမ်းအတိုင်းမောင်းလာချိန် ဖြစ်စဥ်နေရာအရောက်မှာ လမ်းဖြတ်ကူးနေသူ အသက် ၃၃ နှစ်ရွယ် မကေသီကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

မကေသီဟာ မင်းဘူးမြို့နယ်၊ လေးအိမ်တန်းရွာမှာ နေထိုင်သူတဦးဖြစ်တယ်လို့ သိရပါတယ်။ 

"အမျိုးသမီးက ဒီကဒေသခံ မဟုတ်ဘူး။ မင်းဘူးဘက်ကနေ ဒီကယာထဲမှာ ပေါင်းနုတ်လုပ်ဖို့အတွက် မနေ့ကမှ ရောက်လာတာ။ ခုဖြစ်တဲ့အချိန်မှာလည်း သူက ယာထဲအလုပ်လုပ်နေရာကနေ အပေါ့သွားဖို့ဆိုပြီး လမ်းဖြတ်ကူးရာမှာ ကားကဝင်တိုက်သွားတာ" လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကားတိုက်ခံရတာကြောင့် အဆိုပါ အမျိုးသမီးဟာ ဦးခေါင်းနဲ့ခန္ဓာကိုယ်တွေမှာ ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့်သေဆုံးသွားတဲ့ အမျိုးသမီး အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မကွေးဆေးရုံကို သယ်ဆောင်သွားပြီး ယာဥ်မောင်းကိုတော့ ရဲအဖွဲ့တွေက ရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မေလ ၁၂ ရက် ည ၉ နာရီခန့်ကလည်း မကွေးမြို့၊ ဧရာဝတီတံတား(မကွေး) P.13 နားမှာ ဆိုင်ကယ်ရပ်ပြီး အတူရှိနေတဲ့ စုံတွဲကို မကွေးဘက်ကခြမ်းက မောင်းလာတဲ့ ၁၂ ဘီး ကုန်တင်ယာဥ်က ဝင်တိုက်ခဲ့လို့  ၂ ဦးစလုံးနေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်းဒေသကြီး #မကွေးမြို့နယ် #Elite #ယာဉ်တိုက်မှု #ကျစ်စုံပွေးကျေးရွာ #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10