Facebook မှာ စစ်တပ်မကောင်းကြောင်း ဝေဖန်ရေးသားသူ ဆရာဝန်ဗိုလ်ကြီး ၁ ဦး သေဒဏ်ချမှတ်ခံရ

Facebook မှာ စစ်တပ်မကောင်းကြောင်း ဝေဖန်ရေးသားသူ ဆရာဝန်ဗိုလ်ကြီး ၁ ဦး သေဒဏ်ချမှတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ်မှာ မဟာသိပ္ပံဘွဲ့လွန်တက်နေတဲ့ ဆေးဗိုလ်ကြီး ၁ ဦး သေဒဏ်ချမှတ်ခံရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အဆိုပါ ဆေးဗိုလ်ကြီးဟာ စစ်တပ်ရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို သူ့ရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာမှာ သွယ်ဝိုက်ပြီးရေးသားတာ၊ သတင်းဌာနတွေကနေ စစ်တပ်ရဲ့ မကောင်းတဲ့ သတင်းတွေကို ပြန်လည်မျှဝေတာမျိုးတွေ လုပ်နေတာကြောင့် သင်တန်းတက်နေချိန်မှာပင် ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

သေဒဏ်ချမှတ်ခံရတဲ့ ဆေးဗိုလ်ကြီးဟာ ဆေးတက္ကသိုလ် အပတ်စဥ် ၁၅ ဆင်း ဗိုလ်ကြီး ရဲရင့်ဆွေ အသက် ၃၂ နှစ်ဆိုသူဖြစ်ပါတယ်။

"သူက လက်ရှိ ပါရဂူ တတိယနှစ်တက်နေတာ။ တပ်မတော်ပုန်ကန်တာတွေ ရေးလို့ဆိုပြီး ဖမ်းဆီးစစ်ဆေးပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေပြီး သေဒဏ်ချလိုက်တာ။ ကျန်တဲ့ သူနဲ့အပတ်စဥ်တူသူတွေရော မိတ်ဆွေတွေရော အကုန်လုံးက မသိသလို နေကြတယ်။ သူတို့ဘက်ကို လာပတ်မှာစိုးလို့နေမယ်"လို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လက်ရှိမှာ အဆိုပါ စစ်ဆေးဗိုလ်ကြီးဟာ ဆေးပညာမဟာသိပ္ပံ အပတ်စဥ် ၂၉ တက်ရောက်နေတာဖြစ်ပြီး လာမယ့် နိုဝင်ဘာလပိုင်းမှာ သင်တန်းဆင်းရမှာဖြစ်ပါတယ်။

သူ့ကို လူမှုကွန်ယက်မှာ တပ်မတော်ဆန့်ကျင်တဲ့ အရေးအသားတွေရေးလို့ဆိုကာ မေလအတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်တရားရုံးမှာစစ်ဆေးပြီးနောက် ဩဂုတ် တတိယပတ်ထဲမှာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

သူ့ကို တပ်မတော်ဆေးတက္ကသိုလ် ဗဟိုကင်းမှာ ချုပ်နှောင်ထားပြီး လက်ရှိမှာ မိသားစုတွေအပါအဝင် တခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပါ တွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်။

အဆိုပါ စစ်ဆေးဗိုလ်ကြီးဟာ မန္တလေးဇာတိဖြစ်ပြီး ၂၀၁၃ တွင် ဆေးတက္ကသိုလ်ကျောင်းဆင်းကာ အမှတ် ၁ တပ်မတော်ဆေးရုံ(ကုတင် ၁၀၀၀) မင်္ဂလာဒုံအပါအဝင် စစ်ဆေးရုံတွေနဲ့ ခြေလျင်ခြေမြန်တပ်ရင်းတွေမှာ လှည့်ပတ်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိသင်တန်းတက်ရောက်နေချိန်မှာ ခြေလျင်ခြေမြန်တပ်ရင်း တခုကနေ လာတက်နေတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရန်ကုန်တိုင်း #မင်္ဂလာဒုံမြို့နယ် #တပ်မတော်ဆေးတက္ကသိုလ် #မဟာသိပ္ပံဘွဲ့လွန် #စစ်ဆေးဗိုလ်ကြီး #သေဒဏ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10