Jammer ဖြတ်ထားတဲ့ နတ်ရေကန်စစ်တပ်စခန်းကို မောင်းသူမဲ့လေယာဉ်ငယ်နဲ့ ဗုံးကြဲနိုင်ခဲ့

Jammer ဖြတ်ထားတဲ့ နတ်ရေကန်စစ်တပ်စခန်းကို မောင်းသူမဲ့လေယာဉ်ငယ်နဲ့ ဗုံးကြဲနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မန္တလေး - မုံရွာလမ်းဘေးရှိ နတ်ရေကန်ကျေးရွာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မောင်းသူမဲ့လေယာဉ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့လယ် ၂ နာရီကနေ ၄ နာရီခွဲအထိ လေယာဉ်ငယ် ၃ စီးနဲ့ ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီစခန်းဟာ ဒရုန်းဖြတ်သန်းမရအောင် အဆင့်မြင့် Jammer စက်တွေထားပြီး အခိုင်အမာတည်ဆောက်ထားတဲ့စခန်း ဖြစ်တယ်လို့ ဆိုပါတယ်။

"ဂျန်ဘာက ၂မိုင်လောက်ထိ လာမိနေတယ်။ Scout Drone လွှတ်တာတောင်မရဘူး။ Fixwind လေယာဉ် တွေကျတော့ အရှိန်များတော့ ဂျန်ဘာကိုဖြတ်ပျံနိုင်တယ်။ စခန်းအလယ်တည့်တည့်ကို ဗုံး ၃ လုံးချနိုင်ခဲ့တယ်"လို့  CDSOM တာ၀န်ခံ ကိုနွေဦး(မြောင်) က  ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်စခန်းဟာ အခြား‌တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်း ၄ စီးလောက်ကိုလည်း ဖျက်ချထားနိုင်ပြီး စခန်းပတ်လည်မှာ ကတုတ်ကျင်း၊ Jammer စက်တွေ တပ်ဆင်ထားကာ စခန်းအနီးမှာလည်း မိုင်းတွေထောင်ထားတဲ့ အခိုင်အမာတပ်စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများပြားတယ်လို့လည်း သူက ဆိုပါတယ်။

"ခုချိန်က ကတုတ်ကျင်းတွေမှာ မိုးရွာထားတော့ ရေတွေပြည့်နေတော့၊ တဲထဲ၀င်နေကြချိန်ဆိုတော့ အထိများကုန်တာ။ ၇ ယောက် နေရာတင်သေပြီး ၅ ယောက် ဆေးရုံပို့ထားရတယ်လို့” သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို CDSOM အနောက်ပိုင်း ၀၀၁ ဒရုန်းအဖွဲ့နဲ့ CDSOM မြောက်ပိုင်းအဖွဲ့၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ မြောင်မြို့နယ်ပလဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၆ မှတပ်ခွဲ၊ Blood Brothers နဲ့ Hero အဖွဲ့၊ PDF TALOKE (မြင်းခြံခရိုင်တပ်ရင်း ၂)၊ မန္တလေး ခရိုင်တပ်ရင်း ၃၊ ချောင်းဦးမြို့နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ချောင်းဦး #နတ်ရေကန် #စစ်ကောင်စီ #တပ်စခန်း #ဒရုန်း #ဗုံးကြဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10