KTV ရောက်နေတဲ့ PDF တွေ စစ်တပ်ကပစ်လို့ ၄ ဦးသေဆုံး၊ ၁ ဦးအဖမ်းခံရ

KTV ရောက်နေတဲ့ PDF တွေ စစ်တပ်ကပစ်လို့ ၄ ဦးသေဆုံး၊ ၁ ဦးအဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ ဒေသအခေါ်စက်မှုဇုန်ရပ်ရှိ ညမွှေးပန်း KTV မှာ ရောက်နေတဲ့ PDF အဖွဲ့ဝင်အချို့ စစ်အုပ်စုရဲ့ ပစ်ခတ်တာခံရလို့ ၄ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ တာနောယက္ခပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီကျော်မှာ ရွှေဘိုကျားကြီးအဖွဲ့နဲ့ တာနောယက္ခပြောက်ကျားအဖွဲ့ PDF ရဲဘော်တွေနဲ့ သူငယ်ချင်းဖြစ်သူတွေ  ၅ ဦးထက်မနည်းဟာ KTV ကို ရောက်နေချိန် စစ်ကောင်စီတပ်ဘက်ကသတင်းရပြီး ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

" သတင်းပေးကြောင့် သူတို့သိသွားပြီး စကစဘက်က KTV အပြင်ဘက်ကတည်းက ပစ်ခတ်ဝင်လာတာ။ ကျနော်တို့ ရဲဘော်တဦးက သူ့မှာပါသွားတဲ့ ဗုံးတလုံးနဲ့ပစ်ပေါက်ခဲ့သေးတာ။ ပေါက်ကွဲမှုဖြစ်သွားတော့ စကစဘက်က အသကုန်ပစ်တော့တာ"လို့ တာနောယက္ခပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုစိုးကြီးက ပြောပါတယ်။

အဖွဲ့ဝင်ရဲဘော်တဦးက သမီးရည်းစားဖြစ်သူနဲ့သွားရောက်တွေ့ဆုံဖို့ ခွင့်ပြုချက်တောင်းလာလို့ ခွင့်ပြုပေးလိုက်ရာကနေ အခြားတပ်ဖွဲ့က ရဲဘော်တွေနဲ့စုပေါင်းပြီး KTV ရောက်သွားရာမှ ခုလိုပစ်ခတ်မှုဖြစ်တဲ့ အခြေအနေထိ ရောက်သွားတာလို့ ကိုစိုးကြီးက ဆက်ပြောပါတယ်။

ပစ်ခတ်မှုအတွင်းမှာ PDF ရဲဘော် ၂ ဦး၊ ထောက်ပို့ ၂ ဦးသေဆုံးသွားတယ်လို့သိရပြီး ၁ ဦး ဖမ်းဆီးခံလိုက်ရကာ ရုပ်အလောင်းတွေပြန်မရလို့ သေဆုံးသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ အတည်ပြုဖို့ခက်နေသေးတယ်လို့ သိရပါတယ်။

PDF ရဲဘော်က ပစ်ခတ်လိုက်တဲ့ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီအဖွဲ့ဘက်က ဒုရဲအုပ် ၁ ဦးအပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ PDF အဖွဲ့ဝင်တွေအပါအဝင် အလောင်း ၄ လောင်းကို ရွှေဘိုဆေးရုံကနေပဲ မြေမြှုပ်သင်္ဂြိုဟ်တာလုပ်လိုက်တယ်လို့ မြို့ခံတွေကတဆင့် ပြန်သိခဲ့ရကြောင်း ပြောက်ကျားအဖွဲ့တာဝန်ခံရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #PDF #ထောက်ပို့ရဲဘော် #ပစ်ခတ်ခံရ #သေဆုံးမှု #ဖမ်းဆီးခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10