LPDF၊ PDF နဲ့ ပသုံးလုံးကြားမှာ အမှန်ရှာ (အတွေးအမြင်)

LPDF၊ PDF နဲ့ ပသုံးလုံးကြားမှာ အမှန်ရှာ (အတွေးအမြင်)

အညာဒေသမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ပွတ်တိုက်မှုတွေရှိနေကြတာ အားလုံးအသိပါ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကပဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နဲ့ ပြီးတော့ NUG လက်အောက်က မဟုတ်တဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF)။

ပအဖ လို့ခေါ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တခုကလွဲရင် ကျန်အဖွဲ့အစည်းတွေက လက်နက်ကိုင်အဖွဲ့ တွေပါ။ (ပကဖ၊ ပလဖအဖွဲ့ဟာ ပအဖအောက်မှာရှိရမယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာ လက်နက်ရှိသူသာ အာဏာရှိနေတယ်ဆိုတာ သတိပြုထားရမှာဖြစ်ပါတယ်။) 

ဒီတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကြားမှာ အများသိတဲ့ ထင်သာမြင်သာရှိတဲ့ ပွတ်တိုက်မှုက NUG လက်အောက်က မဟုတ်တဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF)နဲ့ NUG/MOD လက်အောက်ကဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ပသုံးလုံးလို့ခေါ်တဲ့ (ပကဖ၊ ပလဖ၊ ပအဖ)တွေကြားက ပွတ်တိုက်မှုတွေပါ။ 

ဒီအဖွဲ့တွေကြားက ပွတ်တိုက်မှုလို့ဆိုတဲ့အခါမှာ တပ်ရင်း၊ တပ်ဖွဲ့အားလုံးကို ဆိုလိုချင်တာမျိုးမဟုတ်ဘဲ ပွတ်တိုက်မှုဖြစ်နေတဲ့ အဖွဲ့တချို့ရဲ့ သဘောသဘာဝတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ 

ဒီနေရာမှာ သတိပြုရမယ့်အချက်က အညာဒေသက စစ်ရေးမစ်ရှင်တွေ၊ မြို့သိမ်းတိုက်ပွဲတွေကို “တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ”က တိုက်ခိုက်၊ သိမ်းပိုက်ဆိုတဲ့အနှစ်သာရဟာ မြေပြင်က LPDF ၊ PDF ၊ ပကဖ နဲ့ ပလဖ စတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအားလုံး ပူးပေါင်းတိုက်တာပါ။ 

အဲဒီလိုအခြေအနေတွေနဲ့အတူ တဖက်မှာလည်း တချို့သော တပ်ရင်း၊ တပ်ဖွဲ့တွေမှာလည်း မိတ်ဖက်ပဋိပက္ခ သဘောတွေက ရှိနေပါသေးတယ်။ NUG/MOG လက်အောက်က မဟုတ်တဲ့အဖွဲ့တွေနဲ့ဖြစ်တာရှိသလို NUG/MOG လက်အောက်ခံအဖွဲ့အချင်းချင်းကြားဖြစ်တာတွေလည်း တွေ့လာရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) နဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF)တွေ ဖြစ်တဲ့ ဗိုလ်ကျားကြီးအဖွဲ့၊ မြင်းဖြူရှင်အဖွဲ့နဲ့  GZ Special Task Force အဖွဲ့တွေ ဖမ်းဆီး ပစ်ခတ်မှုတွေဟာ LPDF နဲ့ PDF ဖြစ်တဲ့ကိစ္စပါ။

ဒီပွတ်တိုက်မှုတွေမှာ ရဲဘော်တွေနဲ့ ထောက်ပို့လုပ်သူတွေပါ သေဆုံးခဲ့ရတဲ့အထိဖြစ်ပြီး ဒီနေ့အထိ တရားမျှတမှု မရနိုင်သေးပါဘူး။ တရားမျှတမှုပေါ်အောင် မလုပ်ပေးနိုင်သေးဘူး။ 

နောက်ထပ်အများသိဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)နဲ့ ပုလဲမြို့နယ်ပသုံးလုံးအဖွဲ့တွေကြားက ပွတ်တိုက်မှုတွေဆိုရင် မကြာခဏဆိုသလို ကြားနေရတာပါ။ မကြာသေး ခင်ကဖြစ်ခဲ့တဲ့ ပုလဲမြို့နယ်ပအဖ တာဝန်ခံကိုဇော်ထက် အိမ်အောက်မှာ သေဆုံးခဲ့တဲ့ ပုလဲမြို့နယ်ပလဖတာဝန်ခံ ပုလဲမောင်သေဆုံးမှုဆိုရင်လည်း အခုထိ လက်သည်မပေါ်သေးတဲ့ အမှုတခုပါ။  

ပုလဲမောင်ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး ပုလဲမြို့နယ်အတွင်းက ပအဖ၊ ပလဖ၊ ပကဖ တွေက LPDF တပ်ဖွဲ့တွေကို စွပ်စွဲခဲ့ကြပေမယ့် နောက်ဆုံးမှာ အပြင်လူဝင်လို့မရနိုင်တဲ့ ပုလဲပအဖတာဝန်ခံ ကိုဇော်ထက်ရဲ့ အိမ်မြေအောက်ခန်းထဲမှာ ပလဖတာဝန်ခံ ကိုပုလဲမောင်ရဲ့ အလောင်းကို တွေ့ခဲ့ရတာပါ။ 

ဒါတွေဟာ LPDF နဲ့ PDF၊ ပသုံးလုံးတွေကြားမှာဖြစ်တဲ့ ဖြစ်စဉ် တချို့သာဖြစ်ပြီး မီဒီယာတွေမှာ မဖော်ပြခဲ့တဲ့ ကိစ္စရပ်တွေလည်းရှိနေပါသေးတယ်။ 

နောက်ထပ် တွေ့နိုင်သေးတာက အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာရှိတဲ့ PDF တပ်ဖွဲ့တွေနဲ့ ပသုံးလုံးကြားက ပွတ်တိုက်မှုတွေလည်းရှိပါသေးတယ်။ 

အညာဒေသက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တခုရဲ့ တာဝန်ခံတဦး ရှင်းပြချက်အရ PDF တပ်ရင်းတွေထဲမှာ လက်နက်တပ်ဆင်ထားတဲ့ တပ်ရင်းအများစုကို ERO အဖွဲ့တခုရဲ့ ကွက်ကဲမှုအောက်မှာရှိပြီး လက်နက် မတပ်ဆင်နိုင်သေးတဲ့ PDF တပ်ရင်းတွေဟာ NUG/MOD ရဲ့ အောက်မှာရှိတယ်လို့ ဆိုတယ်။ 

အဲဒီလိုအခြေအနေမှာ NUG က ပကဖနဲ့ ပလဖတွေကို လက်နက်တပ်ဆင်မှုတွေ ပိုမိုလုပ်ပြီး ၎င်းတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ အဖြစ် ဖွဲ့စည်းတဲ့သဘောမျိုးတွေ တွေ့လာရတယ်လို့ သူက ရှင်းပြပါတယ်။ အဲတော့ ဒီလို မတူညီတဲ့ ဖြစ်တည်မှုတွေဟာ အောက်ခြေ လက်နက်ကိုင်အဖွဲ့တွေကြားမှာ ပွတ်တိုက်မှုတွေဖြစ်ပေါ်စေနိုင်တဲ့အကြောင်းကို သူက ထောက်ပြချင်တာပါ။ 

အခုရက်ပိုင်း NUG/MOD လက်အောက်မှာရှိတဲ့ PDF တပ်ရင်း ၂ ခုကြားက ဖြစ်စဉ်တခုလည်းရှိပါသေးတယ်။ တိုင်း/မြို့နယ်မတူတဲ့ PDF တပ်ရင်း ၂ ခုကြားမှာ လက်နက်သယ်ဆောင်တာနဲ့ပတ်သက်ပြီး ရဲဘော်နဲ့ သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးတဲ့ကိစ္စပါ။

ဒီကိစ္စမှာ တာဝန်ရှိသူအထက်လူကြီးဆိုတဲ့သူက လက်နက်သယ်ယူခွင့်ကို လက်နက်အမျိုးအစား၊ အရေအတွက်နဲ့ ကျည်ဆံခဲယမ်းအရေအတွက်အတိအကျကို ဖော်ပြပြီး လက်မှတ်ထိုးသယ်ယူခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကို နောက်ထပ် PDF အဖွဲ့တခုက ဖမ်းဆီးခဲ့တာပါ။ 

ဖမ်းဆီးခံရတဲ့ ရဲဘော်ရဲ့ တပ်ရင်းက ဒီလက်နက်သယ်ယူမှုဟာ တရားဝင်သယ်ယူတာဖြစ်တဲ့အတွက် ရဲဘော်နဲ့တကွ လက်နက်ခဲယမ်းတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တင်ပြတောင်ခံခဲ့ပေမယ့် ပြေလည်မှု မရရှိသေးပါဘူး။ အခုလို မိတ်ဖက်အဖွဲ့အချင်းချင်းကြား လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံထားရမှုဟာ ဒီတမှုတည်းသာမဟုတ်ဘဲ နောက်ထပ်အမှုတွေရှိနေသေးတယ်ဆိုတာကို သိရပါတယ်။ လက်နက်တွေ အဖမ်းခံထားရပြီး ပြန်မရသေးတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ ရှိနေပါသေးတယ်။

ဒီနေရာမှာ စိတ်မကောင်းစရာတခုက အခုလိုတပ်ရင်း၊ တပ်ဖွဲ့တွေကြား ပွတ်တိုက်မှု၊ မသင့်မြတ်မှုဖြစ်တဲ့အခါ ပုဂ္ဂိုလ်ရေးဆိုင်ရာ နီးစပ်မှုရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေက အထက်လူကြီးဆိုသူရဲ့ မျက်နှာသာပေးခံရတယ်ဆိုတဲ့ အချက်ပါ။ ဒီအချက်တွေဟာ မီဒီယာတွေမှာ ဖော်ပြဖို့မသင့်တော်ပေမယ့် သက်သေနဲ့တကွ အချက်အလက်တွေကတော့ ရှိနေပါတယ်။ 

အလျဥ်းသင့်လို့ ပြောရရင် တချို့သော ကိစ္စရပ်တွေ၊ အချက်အလက်တွေဟာ တော်လှန်ရေးကို ထိခိုက်စေနိုင်တဲ့အတွက် မီဒီယာပေါ်မှာ ဖော်ပြဖို့ မသင့်တော်သေးပေမယ့် ဒါတွေဟာ နောင်တချိန် တရားမျှမှုအတွက် အများပြည်သူသိရှိအောင် မဖြစ်မနေထုတ်ပြရမယ့် အရာတွေဖြစ်တယ်ဆိုတာ တော်လှန်ရေးမှာပါဝင်သူတွေ သတိပြုရမယ့်အချက်ပါ။ 

ပွင့်လင်းတဲ့ နည်းပညာခေတ်ကြီးမှာ မတရားမှုဟာ မတရားမှုအဖြစ်သာ မှတ်တမ်းတင်ခံရမှာဖြစ်သလို တရားမျှတမှုဟာလည်း တရားမျှတမှုအဖြစ်သာ မှတ်တမ်းတင်ခံရမှာဖြစ်ပါတယ်။ 

အညာဒေသက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့ရဲ့ မိတ်ဖက်ပဋိပက္ခတွေရှိနေတဲ့ကြားထဲကပဲ အားရစရာကောင်းတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကိုလည်း မြင်တွေ့နေရပါတယ်။ အခုလပိုင်းမှာ စာရေးသူ သတိထားမိတဲ့ တပ်ရင်းတခုကတော့ ရွှေဘိုခရိုင်တပ်ရင်း ၁၂ ပါ။ 

ရပ်ကျေးအဆင့်ရှိတဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားမှာ ဖြစ်တဲ့ပဋိပက္ခကို ဖြေရှင်းပေးတာ၊ လုံခြုံရေးအကြောင်းပြပြီး ပြည်သူလူထုထံက ငွေကြေးကောက်ခံနေကြတဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ တွေကို ထိန်းကျောင်းတာ စတာတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ထူးထူးခြားခြားလုပ်ဆောင်နိုင်တာ တွေ့မြင်ရပါတယ်။ 

ဥပမာ အခုနှစ် မေလထဲမှာ ဖြစ်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ တည်တောရွာက ရွာခံ ၅ ဦး သေဆုံးခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုဆိုရင် ကျေးရွာအတွင်းက လက်နက်ကိုင်တပ်ဖွဲ့ဝင် ရဲဘော်အချင်းချင်းကြား သေနတ်လုရာကနေဖြစ်ခဲ့ကြတာပါ။ ကျေးရွာပကဖကလည်း မထိန်းနိုင်တော့တဲ့အခါမှာ ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ကြားဝင်ဖြေရှင်းပေးခဲ့ရတာမျိုးပါ။ 

ဒီကြားဝင်ဖြေရှင်းမှုမှာ ကျေးရွာပြည်သူတွေက အလုံးအရင်းနဲ့ ကန့်ကွက်ဆန္ဒပြတားမြစ်နေတဲ့ကြားထဲက လုပ်ခဲ့ရတာပါ။ PDF အဖွဲ့က လက်နက်အားကိုးနဲ့အနိုင်ကျင့်တယ်ဆိုတဲ့ မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ကြားထဲက အကောင်းဆုံးဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ခဲ့ရတာကို တွေ့ရပါတယ်။ 

တည်တောရွာခံတွေက ရွှေဘိုခရိုင်တပ်ရင်း ၁၂ ရဲ့ ကြားဝင်မှုကို မလိုလားဘဲ တည်တောကျေးရွာက လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ကိုယ့်ဘာသာဖြေရှင်းလိုတဲ့သဘောမျိုးနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ မီဒီယာကို လက်ဦးမှုရယူပြီး PDF က အနိုင်ကျင့်တယ်ဆိုတဲ့သဘောမျိုး ပုံဖော်ခဲ့ကြတာပါ။ 

ရွှေဘိုခရိုင်တပ်ရင်း ၁၂ ရဲ့ သဘောကလည်း တချို့သော လက်နက်ကိုင်အဖွဲ့တွေရဲ့ တော်ရုံ ပြဿနာတွေကို မဖြေရှင်းပေးပေမယ့် အခုလို အပြန်အလှန်ပစ်ခတ်မှုဟာ ကြီးထွားလာနိုင်စရာရှိတာကြောင့် ကြားဝင်ဖြေရှင်းပေး ခဲ့ရတာလို့ ဆိုပါတယ်။ 

နောက်ထပ်တခုကတော့ အခု ဩဂုတ်လထဲမှာပဲ ဒီပဲယင်းမြို့နယ်ထဲက ငွေကြေးကောက်ခံနေတဲ့ ရပ်/ကျေးပကဖ စစ်ဆေးရေးဂိတ် ၄ ခုကို ပိတ်သိမ်းပေးခဲ့တာပဲဖြစ်ပါတယ်။ သာမန်အားဖြင့် ပကဖက ဖွင့်ထားတဲ့ ဒီဂိတ်တွေကို PDF တွေက ပိတ်သိမ်းတာဟာ လွယ်ကူနိုင်မယ်လို့ ထင်ရပေမယ့် ဂိတ်ပိတ်သိမ်းမှုကို မလိုလားတဲ့ ရွာခံပြည်သူတွေနဲ့ ရပ်ကျေး ပကဖအဖွဲ့တွေရဲ့ ကန့်ကွက်ဆန္ဒပြမှု ကြားထဲက ပိတ်သိမ်းခဲ့ရတာပါ။ 

ပြီးတော့ လက်နက်ကိုင်အဖွဲ့တွေကို ကိုင်တွယ်ဖြေရှင်းရတာ ဖြစ်တဲ့အတွက် အကိုင်အတွယ်မတတ်ရင် ကြီးမားတဲ့ပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒီလို NUG/MOD လက်အောက်ခံအဖွဲ့အချင်းချင်းကြားဖြေရှင်းရတာမျိုး၊ ပြည်သူနဲ့ထိပ်တိုက်တိုးပြီး ဖြေရှင်းရတာမျိုးဟာ ရှုပ်ထွေးတဲ့ အခြေအနေပါ။ သည်းခံ၊ စိတ်ရှည်စွာနဲ့ ဖြေရှင်းရတယ်ဆိုတာ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေကို ကြည့်ရင် သိမြင်နိုင်ပါတယ်။ 

ကိုယ်စားပြုမှုတွေ များပြားလှတဲ့ အညာဒေသက လက်နက်ကိုင်တပ်ရင်း၊ တပ်ဖွဲ့တွေကြားထဲမှာ ရင့်ကျက်၊ တည့်မတ်တဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ ပေါ်လာဖို့လိုပါတယ်။ မျက်နှာကြီးရာ ဟင်းဖက်ပါ၊ လက်သင့်ရာ စားတော် ခေါ်၊ အကျိုးလိုလို့ ညောင်ရေလောင်းကြတဲ့အခြေအနေမှာ သမာသမတ်ကျမှုဟာ အရေးတကြီးလိုအပ်နေပါပြီ။

သမာသမတ်ကျပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲကင်းတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေ အညာဒေသမှာ ပေါ်ထွက်လာနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ 

#မြေလတ်အသံ

#အတွေးအမြင် #တပ်ရင်းတပ်ဖွဲ့ #လက်နက်ကိုင် #တော်လှန်ရေး #အညာ #PDF #LPDF #NUG #MOD 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10