MDY-PDF ဖမ်းဆီးထားတဲ့ ရဲဘော်တဦးနဲ့ လက်နက်ခဲယမ်းတွေကိုပြန်ပေးဖို့ မြင်းခြံခရိုင်တပ်ရင်း ၈ တောင်းဆို

MDY-PDF ဖမ်းဆီးထားတဲ့ ရဲဘော်တဦးနဲ့ လက်နက်ခဲယမ်းတွေကိုပြန်ပေးဖို့ မြင်းခြံခရိုင်တပ်ရင်း ၈ တောင်းဆို

မြင်းခြံမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လျက်ရှိပြီး လက်နက်ခဲယမ်းလိုအပ်ချက် မြင့်မားနေတာကြောင့် MDY-PDF က ဖမ်းဆီးထားတဲ့ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းက ရဲဘော်ကို သယ်လာတဲ့လက်နက်ခဲယမ်းတွေနဲ့အတူ ပြန်လွှတ်ပေးဖို့ တော်လှန်ရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။

ဇွန် ၁၀ ရက်မှာ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းက ရဲဘော်တဦးဟာ ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်ရဲ့ လက်မှတ်ပါ လက်နက်သယ်ယူခွင့်ထောက်ခံချက်စာနဲ့အတူ လက်နက်တွေသယ်လာစဥ် ရှမ်းပြည်နယ်အတွင်းက မန္တလေး PDF စိုးမိုးနယ်မြေအရောက်မှာ ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမှ ရဲဘော်ကို MDY-PDF က ဖမ်းဆီး ထားတာဟာ ၂ လကျော်ကြာမြင့်နေပြီး ဖမ်းဆီးစဥ်မှာ ကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ ခွင့်ပြုချက်နဲ့ တပ်ရင်းအတွက် လက်နက်သယ်ယူတာဖြစ်ကြောင်း ရှင်းပြခဲ့ပေမယ့် MDY-PDF ဘက်မှ "ဒီနယ်မြေကို MOD က သိမ်းယူထားတာ မဟုတ်ဘူး။ MDY-PDF က သိမ်းယူထားတာ။ သယ်ချင်တိုင်းသယ်ခွင့် မပေးနိုင်ဘူး" လို့ ပြောကာ ဖမ်းဆီးသွားတာလို့ ဒီဖြစ်စဥ်ကိုလိုက်ပါဆောင်ရွက်ပေးနေသူက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့ ရဲဘော်ကို သံခြေကျင်းခတ်ကာ စစ်ကောင်စီတပ်သား စစ်သုံ့ပန်းတွေနဲ့ အတူတူထား တယ်လို့လည်း ဆိုပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၈ နဲ့ နီးစပ်သူတဦးကတော့ "ရဲဘော်နဲ့ လက်နက်ခဲယမ်းတွေကို ပြန်လွှတ်ပေးစေချင်တယ်။ တပ်ရင်း ၈ က တကယ်အလုပ်လုပ်နေတဲ့အဖွဲ့ ဖြစ်တယ်။ နွားထိုးကြီးမြို့ကို သိမ်းတဲ့အချိန်မှာ အဲဒီအဖွဲ့ ကျည်ပြတ်လို့ တခြားရင်းတွေဆီကနေ ချေးပြီးတိုက်နေရတယ်။ ဒီလုပ်မယ့် မစ်ရှင်တွေအတွက် လက်နက်၊ ခဲယမ်းတွေ ဝယ်ယူခဲ့တာ။ အခုအဲ့ဒါတွေအကုန် MDY -PDF က ဖမ်းထားတုန်းပဲ "လို့ ဆိုပါတယ်။

ရဲဘော်နဲ့အတူ လက်နက်၊ ကျည်၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းများစွာ ဖမ်းဆီးခံလိုက်ရတာလို့ မြေလတ်အသံကရရှိ ထားတဲ့ စာထဲမှာဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး MDY-PDFရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုအော်စမွန်ကို မြေလတ်အသံက ဆက်သွယ်ခဲ့ပေမယ့်  ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ပုံစာ - နွားထိုးကြီးမြို့ကို သိမ်းပိုက်ပြီးနောက် မြင်းခြံခရိုင်တပ်ရင်း ၈ နဲ့ မိတ်ဖက်တပ်ရင်းတွေကို တွေ့ရစဉ်။ 

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မြင်းခြံမြို့ #တိုက်ပွဲ #လက်နက်ခဲယမ်း #MDY #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10