သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အောက်တိုဘာ လလယ်လောက်ကစတင်ကာ MDY PDF သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက ပြန်သိမ်းယူနိုင်ဖို့ နေ့စဥ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မန္တလေးမြို့ဘက်ကနေလည်း ရိက္ခာဖြည့်တင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းက MDY PDF သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်တပ်ကပြန်လည်သိမ်းယူဖို့ ကြိုးစားနေပြီး အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင်ရွှေလုပ်ကွက်နဲ့ ကျောက်တံတားကျေးရွာတွေအနီးမှာ မကြာခဏတိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။
စစ်တပ်က မတ္တရာမြို့ပေါ်မှာအထိုင်ချတပ်စွဲထားပြီး စစ်ကြောင်းတွေကို အရှေ့အနောက်ခွဲကာ ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေကပြောပါတယ်။
မတ္တရာမြို့ရဲ့အနောက်ဘက်နဲ့မြောက်ဘက်တွေမှာလည်း ဝေါကျေးရွာ၊ ထိန်ပင်စောက်ကျေးရွာနဲ့ ရွာသစ်ကျေးရွာတွေဘက်မှာလည်း နိုဝင်ဘာ ၅ ရက်မနေ့က ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
"မနေ့ကရွာသစ်ရွာမှာ (တိုက်ပွဲ) ဖြစ်သံတွေကြားတယ်။ စစ်တပ်က နယ်မြေထပ်ချဲ့လာနိုင်တဲ့ သဘောပဲ။ ရွာသစ်ရွာက ဝေါတို့၊ ဝန်စုတို့ရဲ့ မြောက်ဘက်မှာရှိတာ။ အရင်ကအဲဒီရွာတွေကို စစ်တပ်ကတိုး မရဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တချို့ အကျအဆုံးရှိတယ်လို့လည်း ကနဦးသိထားရပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် မနေ့ကနေ့လယ်ပိုင်းမှာလည်း မတ္တရာမြို့နယ်အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အောက်တောင်ကိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။
အောက်တောင်ကိုင်းကျေးရွာဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ဝေးတဲ့နေရာမှာရှိပြီး စစ်ကောင်စီက မတ္တရာနဲ့ မန္တလေးမြို့ကြားကိုပါ နယ်မြေစိုးမိုးချင်တာကြောင့် ဒီလို လေကြောင်းတိုက်ခိုက်မှု လုပ်တာဖြစ်နိုင်တယ်လို့ နယ်ခံ PDF တဦးက ခန့်မှန်းပါတယ်။
မန္တလေး-မတ္တရာ ကားလမ်းမှာနေထိုင်သူတဦးကလည်း မနေ့ကနေ့လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ဖောကားတွေက မန္တလေးတောင်ခြေ ၉၅ တပ်ရင်းဘက်ကနေ မတ္တရာမြို့ဘက်ကိုသွားတာ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။
မတ္တရာမြို့ပေါ်မှာ စာသင်ကျောင်း၊ ဘောလုံးကွင်း၊ ဆေးရုံတွေမှာ စစ်တပ်ကအထိုင်ချတပ်စွဲထားပြီး ကျေးရွာတွေဘက်ကို ဟောင်ဝစ်ဇာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူသေဆုံးမှုတွေလည်း ရှိနေပါတယ်။
နိုဝင်ဘာ ၃ ရက်ကလည်း မတ္တရာမြို့ပေါ်ကနေ စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် မတ္တရာမြို့ရဲ့အနောက်ဘက် ၁ မိုင်ခန့်အကွာက ကိုးပင်ကျေးရွာကိုကျကာ အသက် ၇၀ အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပါသေးတယ်။
ပုံစာ - ယခုနှစ် ဇူလိုင်လ မတ္တရာမြို့သိမ်းတိုက်ပွဲအတွင်း ရေနံ့သာနယ်မြေရဲစခန်းကိုသိမ်းပိုက်ထားသည့် MDY PDF တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #မတ္တရာ #စစ်ကောင်စီ #ထိုးစစ်ဆင်
Share Share Share