MSPDF ခေါင်းဆောင်တဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ကယ်ဖို့လိုက်သွားတဲ့ သားဖြစ်သူအပါ ရဲဘော် ၃ ဦးလည်း သေဆုံး

MSPDF ခေါင်းဆောင်တဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ကယ်ဖို့လိုက်သွားတဲ့ သားဖြစ်သူအပါ ရဲဘော် ၃ ဦးလည်း သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မရွာမှာ MSPDF အဖွဲ့ခေါင်းဆောင်တွေထဲက တဦးဖြစ်တဲ့ ကိုသက်ခိုင်ကို စစ်ကောင်စီက ဖမ်းဆီးကာ သတ်ဖြတ်လိုက်ပြီး ကယ်ဖို့လိုက်သွားတဲ့ သားဖြစ်သူနဲ့ ရဲဘော် ၂ ဦးလည်း လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဇွန်လ ၂၆ ရက် ဒီကနေ့ မနက် ၅ နာရီလောက်က ကျောက်ရစ်စခန်းက ထွက်လာတဲ့ အင်အား ၄၀ ကျော်ပါတဲ့ စစ်ကြောင်းက ပရိမ္မရွာထဲမှာနေရာယူထားပြီး ဆိုင်ကယ်နဲ့ ဝင်လာတဲ့ ကိုသက်ခိုင်ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ သတင်းကြားကြားချင်း ကာကွယ်ရေးအဖွဲ့တွေစုပေါင်း ကယ်ဆယ်ဖို့ လုပ်ပေမယ့် စစ်ကောင်စီက လက်နက်ကြီးပစ်ကူ တောက်လျှောက်သုံးပြီး ပြန်ဆုတ်တဲ့အတွက် အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားကာ လက်နက်ကြီးတလုံးက စစ်ကြောင်းနဲ့ ပေ ၃၀၀၀ လောက် အကွာမှာရှိ ကယ်ဆယ်ဖို့ကြိုးစားနေတဲ့ ကာကွယ်ရေးအဖွဲ့တွေရှိရာနေရာကို ကျရောက်ပေါက်ကွဲခဲ့လို့ ရဲဘော် ၃ ဦး ထိမှန်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“လိုက်ကယ်ဖို့လုပ်တဲ့ ကိုသက်ခိုင်ရဲ့ သားက လက်နက်ကြီးမှန်ပြီး နေရာမှာ ပွဲချင်းပြီးတယ်၊ ကျန်တဲ့ ၂ယောက်လည်း ကျတယ်၊ သားအကြီးဆုံးကလည်း သူ့အဖေ အဖမ်းခံရတယ်ဆိုတော့ ကယ်နိုင်ရေးအတွက်ကြိုးစားရင်း ဆုံးသွားတာ၊ ရွာထဲကို စစ်ကြောင်း ရောက်နေတာတောင် မသိလိုက်ကြဘူးဆိုတော့ ကင်းတွေရဲ့ပေါ့ဆမှုလို့ ပြောရမှာပေါ့၊ ဖမ်းမိသွားပြီဆိုတဲ့ အချိန်ကျမှ သိကြတာ။” လို့ ကိုနွေဦးမြောင် က ပြောပါတယ်။

ဖြစ်စဉ်အတွင်း MSPDF က ရဲဘော် ၃ ဦးနဲ့ တခြားအဖွဲ့တခုက ရဲဘော်တဦး ကျဆုံးခဲ့ပြီး၊  ရဲဘော် ၁ ဦးရဲ့အလောင်းကိုတော့ ဆိုင်ကယ် ၃ စီးနဲ့အတူ မီးရှို့ထားခဲ့ကာ လက်နက်ကြီအစထိမှန်လို့ ရဲဘော် ၅ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကိုသက်ခိုင်ဟာ MSPDF အဖွဲ့ ခေါင်းဆောင်တွေထဲက တဦးဖြစ်ပြီး ‌တော်လှန်ရေးကာလမတိုင်မီက စာသင်ကြားတဲ့ ကျူရှင်ဆရာတဦးဖြစ်တယ်လို့ သိရပါတယ်။ 

စစ်တပ်အင်အား ၁၅၀ လောက်နဲ့ အထိုင်ချထားတဲ့ ကျောက်ရစ်စခန်းဟာ ပရိမ္မရွာနဲ့ ၂ မိုင်ခန့်ကွာဝေးကာ  အဆိုပါစခန်းက စစ်ကြောင်းတွေဟာ ကျေးရွာတွေဆီ ညပိုင်းမှာ ထွက်လာလေ့ရှိပြီး မနက်အစောပိုင်းမှ ရွာတွေထဲ ဝင်စီးတာတွေလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက် မနက် ၈ နာရီလောက်ကလည်း ကျောက်ရစ်စခန်းက စစ်ကောင်စီအုပ်စုကို Myaung Special Drone Forceက drone နဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

မြေလတ်အသံ

#စစ်ကိုင်း #မြောင် #MSPDF #စစ်ကောင်စီ #ပစ်ခတ်တိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10